တနိုင်းတွင် တိုက်ပွဲများနှင့် ကုန်စည်တင်ပို့မှုအခက်အခဲများကြောင့် စားနပ်ရိက္ခာပြတ်တောက်နေဟုဆို

တနိုင်းတွင် တိုက်ပွဲများနှင့် ကုန်စည်တင်ပို့မှုအခက်အခဲများကြောင့် စားနပ်ရိက္ခာပြတ်တောက်နေဟုဆို
၂၀၁၇ ခုနှစ် ဇွန် ၆ရက်ကမ့်ကွမ်းချောင်းဝ မှ စစ်ပြေးရှောင်များကို လှေများဖြင့် ခေါ်ဆောင်စဉ်။ Photo Credit - Hkun Awng Nlam facebook

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ။               ။ ကချင်ပြည်နယ်၊ တနိုင်းဒေသတွင် ကုန်စည်တင်ပို့မှုအခက်အခဲများနှင့် တိုက်ပွဲများကြောင့် ဆန်၊ ဆီ၊ ဆားကဲ့သို့ အခြေခံစားသောက်ကုန်များ   ပြတ်တောက်မှုဖြစ်ပေါ်နေသည်ဟုသိရသည်။

ဒေသခံ ၅သောင်းခန့်နေထိုင်သည့် အဆိုပါဒေသတွင် ဆန်၊ ဆီ၊ ဆားကဲ့သို့သော အခြေခံစားသောက်ကုန်များ ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခြေခံစားသောက်ကုန်များအား လုံခြံုရေးအခြေအနေအရ အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ရှိနေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူးတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးအားတီယောဟန်က ဆိုသည်။

“ ဆန်၊ ဆီ၊ ဆားပြတ်တယ်ဆိုတာ ပြည်သူတွေ ပြတ်တယ်။ တချို့နေရာတွေမှာတော့မပြတ်ဘူး။ ထိန်းထားတယ်။ ဘာကြောင့်လည်းဆိုတော့ ပြည်သူတွေကကျတော့ တရားဝင် ဆန်တွေ၊ ဆီတွေ သယ်လို့ မရဘူး။ အကန့်အသတ်နဲ့။ ဒီတနိုင်းတောင်မကဘူး ပူတာအိုမှာတောင် ရိုးရာပွဲအတွက် တင်ပါတယ် ဆိုတဲ့ ဆန်တွေ၊ သစ်သီးတွေ ကျွန်တော်တို့ကိုယ်တိုင်တင်တဲ့ဟာတွေတောင် ခဏခဏ အတားခံရတာ ဟိုမှာ။ ပြည်သူတွေဆို မပြောနဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ ၀န်ကြီးလုပ်တာတောင်မှ အခက်အခဲရှိပါတယ်”  ဟု၄င်းကဆိုသည်။

လက်ရှိတွင် လုံခြံုရေးအတွက် တပ်မတော်မှထိန်းချုပ်ထားခြင်းဖြစ်ကြောင်းလည်း ဦးအားတီယောဟန်က ပြောသည်။

တနိုင်းဒေသအတွင်းတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသော နေရာများသည် ဒေသခံများ၏ စိုက်ခင်း များနှင့် နီးစပ်နေသည့်အတွက် ရိတ်သိမ်းရန်လည်း ခက်ခဲနေကြောင်း သိရသည်။  

ထို့အပြင် လူမှုရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များမှ လှူဒါန်းသည်များကိုလည်း သွားရောက်ပို့ဆောင်ရန် ခက်ခဲနေပြီး လုံခြံုရေးမရရှိသောကြောင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများလည်း အဆိုပါဒေသသို့ သွားရောက်ရန် ခက်ခဲနေသေးကြောင်း ဦးအားတီယောဟန်က ဆိုသည်။

ကချင်ပြည်နယ်၊ တနိုင်းဒေသသည် တပ်မတော်နှင့် KIA တို့မကြာခဏတိုက်ပွဲဖြစ်ပွားတတ်သည့် နေရာထဲတွင် တစ်ခုအပါအဝင်လည်းဖြစ်ပြီး တနိုင်းတွင် ၂၀၁၇ နှစ်ဆန်းပိုင်းကလည်း ဆန်၊ ဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သေးသည့် ဒေသတစ်ခုလည်းဖြစ်သည်။

“ အဓိကတော့ နှစ်ဖက်လက်နက်ကိုင်တွေ တပ်မတော်နဲ့တစ်ဖက်ကလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပြည်သူတွေကို နားလည်ပေးဖို့လိုပါတယ်။ ကြားထဲမှာ ပြည်သူတွေက အရမ်းကို ဒုက္ခရောက်နေရပါတယ် “  ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်ကပြောဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly