စိတ်တွင်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

စိတ်တွင်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

တခါတလေကျရင် ကိုယ်ဖြစ်ချင်တာက တမျိုး၊တကယ်တမ်းလက်တွေ့ကျတော့ ဆန့်ကျင်ဖက် လုပ်မိတာမျိုးတွေ ကြံုဖူးပါသလား။သင့်ရဲ့ အမူအကျင့်/ခံယူချက် စိတ်နေစိတ်ထားတွေဟာ မတည်မငြိမ် ပြောင်းလဲတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုတောင် မခန့်မှန်းတတ်တော့အောင် ဖြစ်နေပါသလား။ တည်ငြိမ်အေးချမ်းတဲ့သူတွေဟာ အတွင်းစိတ်သန္တာန် တသမတ်တည်း ရှိပြီး သူတို့ကိုယ်သူတို့ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာ သိရှိနားလည်ထားသူတွေဖြစ်ပါတယ်။ အချိန်နဲ့ အမျှ ဟိုစိတ်ပြောင်းလိုက်၊ဒီစိတ်ပြောင်းလိုက် ဂနာမငြိမ် ဖြစ်နေကြသူတွေ မဟုတ်ဘဲ တည်တည်ငြိမ်ငြိမ် ရှိကြသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် သင်လိုချင်တဲ့၊ဖြစ်ချင်တဲ့၊မျှော်လင့်တဲ့ လက်တွေ့ဘဝကို အကောင်အထည်ဖော်ဖို့အတွက် ဆိုရင် တသမတ်တည်းရှိပြီး တည်ငြိမ်တဲ့ စိတ်ရှိဖို့ အထူးလိုအပ်ပါတယ်။ ဒီလို စိတ်အနေအထားမျိုးဟာ အရာရာကို ပြီးမြောက်အောင်မြင်နိုင်လောက်တဲ့ စွမ်းအားရှိပြီး ဂယောက်ဂယက်ထနေပြီး မတည်ငြိမ်တဲ့ စိတ်ကတော့ ဘာကိုမှ အကောင်အထည်ပေါ်လာစေမှာ မဟုတ်ပါဘူး။

စိတ်အပြောင်းအလဲမြန်တတ်သူတွေရဲ့ အမူအကျင့် စရိုက်လက္ခဏာများ

 အတွေးတွေ၊အထင်အမြင်တွေ များလွန်းပြီး အချက်တချက်တည်း၊အတွေးတခုတည်းကိုပဲ အာရုံမစိုက်နိုင်တဲ့အခါ စိတ်နဲ့ကိုယ်ဟာ ပဋိပက္ခဖြစ်လာပါတယ်။ဒီလိုဖြစ်လာသူတွေရဲ့ အမူအကျင့်တွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • တခြားလူတွေရဲ့ အထင်အမြင် ယူဆချက်တွေအတိုင်း အလွယ်တကူ လိုက်လုပ်တတ်တယ်။
  • ရုတ်တရက် ဘယ်သူမဆိုလုပ်မိမယ့် ကိစ္စတခုခုကို လုပ်လိုက်မိပြီးတဲ့အခါ အပြစ်ရှိသလို/ရှက်သလို ခံစားရတယ်။
  • ဆုံးဖြတ်ချက်တခုကို ဘယ်တော့မှ ခိုင်ခိုင်မာမာ မချနိုင်ဘူး။အမြဲလို ဒွိဟပွါးနေတယ်။
  • အမြဲလိုရန်ဖြစ်၊ပဋိပက္ခတွေပွါးပြီး ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ ချစ်သူရည်းစားမျိုး/အိမ်ထောင်ဖက်မျိုးကိုမှ တမ်းတမ်းစွဲနေတတ်တယ်။

ပြဿနာတခုခု၊အခက်အခဲတခုနဲ့ တွေ့ကြံုပြီဆိုရင် တည်ငြိမ်မှုမရှိဘဲ ပျာယာခတ်နေတတ်တယ်။

  • မိမိကိုယ်ကို အားကိုးနိုင်စွမ်းမရှိတဲ့အတွက် တခြားလူတွေရဲ့ အကူအညီကို အမြဲလိုချင်တယ်။
  • စိတ်ခံစားမှုအနေအထား ဒါမှမဟုတ် စိတ်နေစိတ်ထား ခံယူချက်တွေက ရုတ်တရက်ပြောင်းလဲလေ့ရှိတယ်။
  • စီးပွါးရေးပဲ ဖြစ်ဖြစ်၊ချစ်သူနဲ့ ပဲဖြစ်ဖြစ် ဒါမှမဟုတ် လူနေမှုဘဝပုံစံပဲ ဖြစ်ဖြစ် ဘာလိုချင်တယ်၊ဘာဖြစ်ချင်တယ်၊ဘာလုပ်ချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ရေရေရာရာ မသိဘူး။
  • ရင်ဆိုင်နေရတဲ့ စိတ်တွင်းပဋိပက္ခ အခြေအနေတွေကနေရှောင်ပုန်းဖို့အတွက် ကိုယ့်စိတ်ကိုယ် အာရုံလွှဲတာမျိုးတွေ လုပ်ဖို့ကြိုးစားလေ့ရှိတယ်။ အာရုံလွှဲတယ်ဆိုရာမှာ အပျော်အပါးနောက်လိုက်တာ၊ အရက်၊ဆေးစွဲတာ၊ဗေဒင်မေးတာ၊ဦးတည်ရာ ထူးထူးခြားခြား မရှိဘဲ ရောက်တတ်ရာရာအလုပ်တွေ လျှောက်လုပ်တာ စသဖြင့် ပါဝင်ပါတယ်။

သင့်အနေနဲ့ စိတ်မတည်မငြိမ်ဖြစ်နေသလား၊ စိတ်တွင်းပဋိပက္ခဖြစ်နေသလားဆိုတာကို သိဖို့ကလွယ်ပါတယ်။ ဒီလိုမျိုး ပဋိပက္ခ စိတ်အခြေအနေပေါ်ပေါက်လာစေဖို့အတွက် လုံလောက်တဲ့ အဖြစ်အပျက်တွေ သင့်ဘဝတလျှောက်လုံး မတွေ့ချင်မှအဆုံး တွေ့ကြံုရမှာမို့ပဲ ဖြစ်ပါတယ်။

ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ

 စိတ်တွင်းပဋိပက္ခဖြစ်တာဟာ မခံမရပ်နိုင်လောက်အောင် ဆိုးရွားတဲ့ စိတ်ခံစားမှုတွေအဖြစ် အဆုံးသတ်သွားနိုင်တာမို့ ဒီပြဿနာကို ဘယ်လိုအဖြေရှာပြီး အဆုံးသတ်ရမလဲဆိုတာ သိဖို့ အရမ်းကို အရေးကြီးပါတယ်။

လုပ်သင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြထားပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ ခံစားချက်တွေကို ကန်ထုတ်မပစ်ပါနဲ့။

တကယ်လို့ သင့်အနေနဲ့ စိတ်တွင်းပဋိပက္ခဖြစ်နေတယ်ဆိုရင် သင်စိတ်လက်ဖြေလျှော့ပြီး အေးရာအေးကြောင်းနေမယ်လို့ စဉ်းစားလိုက်တိုင်းမှာ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေ၊ခံစားချက်တွေ ပေါ်လာမှာပဲ ဖြစ်ပါတယ်။သင့်အနေနဲ့ ဒီစိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို သိစိတ်ကရော၊မသိစိတ်ကပါ လက်ခံလိုက်ပါ။ ဒါမှသာ ဒီအတွေးတွေက သင့်ကို ဆက်လက်ပြီး မနှိပ်စက်တော့မှာ ဖြစ်ပါတယ်။

ကြံုလာရတဲ့ ပြဿနာတွေ၊အာရုံနောက်စရာတွေကနေ ထွက်မပြေးဘဲ ဖြေရှင်းဖို့ နည်းလမ်းတွေ၊အကြံဉာဏ်တွေကို စဉ်းစားရမှာပဲ ဖြစ်ပါတယ်။

(၁) သင့်ကိုယ်သင် တန်ဖိုးချမပစ်လိုက်ပါနဲ့။

စိတ်တွင်းပဋိပက္ခဖြစ်ပွါးရခြင်းရဲ့ အဓိကအကြောင်းရင်းတခုက သင့်အနေနဲ့ ကိုယ့်တန်ဖိုး ကိုယ်ချလိုက်လို့ပါပဲ။ မသိစိတ်ထဲက သင့်အတွက်အကောင်းဆုံးလို့ ဆုံးဖြတ်သတ်မှတ်ပေးထားတာနဲ့ဆန့်ကျင်ပြီး လုပ်လိုက်မယ်ဆိုရင် သင့်စိတ်နဲ့ ခန္ဓာ စ,ပြီး တိုက်ပွဲ ဖြစ်ပါပြီ။ ဒီတော့ မှတ်ထားရမယ့်အချက်က သင်ယုံကြည်ရာ၊မှန်တယ်ထင်ရာကို ရဲရဲကြီးလုပ်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒီတခါတော့ ကိုယ့်မသိစိတ်ရဲ့ လမ်းညွှန်မှုကို ဆန့်ကျင်ပြီး လုပ်လိုက်မိတယ်လို့ ထင်တယ်ဆိုရင် နောက်တခါ ဒါမျိုးမဖြစ်ပါစေနဲ့။ စိတ်တွင်းပဋိပက္ခဆိုတဲ့ အခြေအနေဟာ သင့်အနေနဲ့ နေ့တိုင်းလိုလို မိမိတန်ဖိုးကို ကိုယ်တိုင် ရိုက်ချိုးဖျက်ဆီးနေတဲ့ အခြေအနေမျိုးမှာပဲ ဖြစ်ပေါ်ပါတယ်။ အမှားသေးသေးကွေးကွေး ကျူးလွန်လိုက်မိတဲ့အချိန်မျိုးမှာ ဖြစ်ပေါ်တာ မဟုတ်ပါဘူး။

(၂) လုပ်သင့်တာကို လုပ်ပါ။

စိတ်တွင်းပဋိပက္ခကို ဖြစ်စေတဲ့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းခံတခုက သင့်အနေနဲ့ လုပ်ကိုလုပ်ရမယ့်၊လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာကိစ္စတွေကနေ ထွက်ပြေးနေတာကြောင့်ပဲ ဖြစ်ပါတယ်။ သင်ယုံကြည်တန်ဖိုးထားတာတွေ၊ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့အတွက် သင့်အနေနဲ့ အမြဲတမ်းကြိုးစားလုပ်ကိုင်နေရပါမယ်။ ဒီလိုတွေလုပ်ဖို့ ပျက်ကွက်တာ ဒါမှမဟုတ် ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မလုပ်နိုင်တာ၊ချက်ချင်းထလုပ်လိုက်ရမယ့်အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်နေတာတွေဟာ ဆိုးရွားပြင်းထန်လှတဲ့ စိတ်တွင်းပဋိပက္ခဆီကို ဦးတည်စေပါတယ်။

(၃) သင့်စိတ်ထဲ ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကို ချရေးပါ။

သင့်ဦးနှောက်ထဲမှာ မရှိစေချင်တဲ့၊မလိုလားအပ်တဲ့ စိတ်ခံစားချက်တွေကို အန်ထုတ်ဖို့ အကောင်းဆုံးနည်းကတော့ ချရေးတာပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ချရေးနေစဉ်ကာလမှာ သင့်အနေနဲ့ စိတ်ခံစားချက်တွေကို စာရွက်ပေါ် အန်ချ၊ထွေးချလိုက်ရသလို ခံစားရမှာပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်အနေနဲ့ စိတ်သက်သာရာ ရသွားမှာ ဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ပိုနားလည်လာမှာ ဖြစ်တဲ့အတွက် စိတ်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖြေရှင်းဖို့ ဘယ်လိုမျိုးနည်းလမ်းတွေ အသုံးပြုသင့်တယ်ဆိုတာကို ပါ သဘောပေါက်သွားမှာ ဖြစ်ပါတယ်။

(၄) အမြဲကြိုတင်ပြင်ဆင်ပါ။

သင့်အနေနဲ့ အသက်တဖြည်းဖြည်း ကြီးလာတဲ့အခါ ဒါမှမဟုတ် ဘဝရဲ့ အရေးပါတဲ့ အချိုးအကွေ့တွေတိုင်းမှာ (ဥပမာ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်တက်တာ၊ဘွဲ့ရပြီးလို့ အလုပ်ဝင်တာ) သင့်ကိုယ်သင် ဘေးနားက အပေါင်းအသင်းတွေနဲ့ ချိန်ထိုး နှိုင်းယှဉ်မိမှာပဲ ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးတွေမှာ သင့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားပြီးသားဆိုရင် မထောင်းသာပေမယ့် မပြင်မဆင်နဲ့ ဆိုရင်တော့ သင့်အနေနဲ့ ဘဝရဲ့ အချိုးအကွေ့တွေ ရောက်တိုင်းမှာ စိတ်တွင်းပဋိပက္ခဖြစ်တာနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly