လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း အတည်ပြု၊ မပြု မနက်ဖြန် ဆုံးဖြတ်မည်

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း အတည်ပြု၊ မပြု မနက်ဖြန် ဆုံးဖြတ်မည်
ဩဂုတ် ၁၉ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ရသည့် အမတ်တစ်ချို့၊ ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ

နေပြည်တော် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမြန်ဆုံးအတည်ပြုရန် အကြောင်းကြာထားသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် အလျင်အမြန် ပြဌာန်းရန်မသင့်ဟု ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီက ဩဂုတ်၁၉တွင် လွှတ်တော်သို့ အစီရင်ခံလိုက်သည်။
 
ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုနိုင်ရေးကို ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် ချပြဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရန်၊ အတည်ပြုရန်မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ပါက ဥပဒေကြမ်းအတည်ပြုနိုင်ရေးကို ဆိုင်းငံ့ထားရန်နှင့် ဆက်လက်ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ပါက ပြင်ဆင်ဖြည့်စွက်သင့်သည့် အချက်များအား ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးပြီးမှ အတည်ပြုရန် ရေးသားထားသည်။
 
ထို့ကြောင့် ယင်းဥပဒေကြမ်းအား အတည်ပြုရန် သင့်၊ မသင့် ဩဂုတ် ၂၀ မွန်းလွဲပိုင်းတွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု လွှတ်တော်နာယက သူရဦးရွှေမန်းက ကြေငြာလိုက်ပြီး ဆွေးနွေးလိုသည့်အမတ်များကိုလည်း ဖိတ်ခေါ်ထားသည်။
 
ထိုသို့ ဆုံးဖြတ်လိုက်ခြင်းမှာ ယင်းဥပဒေကြမ်းအား အမြန်ဆုံးပြဌာန်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက သူရဦးရွှေမန်းထံ အကြောင်းကြားစာ ပေးပို့လာမှု၏ နောက်ဆက်တွဲဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၉၆)၊ ပုဒ်မခွဲ(ခ)တွင် ရွေးကောက်ခံ လွှတ်တော်အမတ် တစ်ဦးဦးအား တာဝန်မှ ရုပ်သိမ်းရန် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင် (၁)ရာခိုင်နှုန်း လက်မှတ်ရေးထိုး တိုင်ကြားနိုင်သည်ဟု ပြဌာန်းထားသည်။

အဆိုပါ ရာခိုင်နှုန်းသည် အလွန်နည်းသည့် ပမာဏဖြစ်သည်ဟု အမတ်အများစုက ယူဆထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly