မျက်တောင်မွေးလေးတွေကို ဘယ်လိုဂရုစိုက်ကြမလဲ

မျက်တောင်မွေးလေးတွေကို ဘယ်လိုဂရုစိုက်ကြမလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

မျက်လုံးတွေဟာ စိတ်ရဲ့ ပြတင်းပေါက်တွေလို့ ဆိုလေ့ရှိကြပါတယ်။ ဒါပေမယ့် ဂရုစိုက်ပြီး ကာကွယ်ဖို့ လိုအပ်တာကတော့ မျက်လုံးတစ်ခုတည်း မဟုတ်ပါဘူး။ မျက်တောင်တွေလည်း ပါပါတယ်။ ဒီဆောင်းပါးမှာတော့ မျက်တောင်တွေကို သေချာဂရုစိုက်ဖို့ နည်းလမ်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

မျက်တောင်ကျွတ်ခြင်းကို ဘာတွေက ဖြစ်စေတာပါလဲ။

မျက်တောင်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ ညင်သာဖို့ လိုပါတယ်။ သူတို့ဟာ အထိခိုက်မခံပဲ လွယ်ကူစွာ ပျက်စီးတတ်ပါတယ်။ မျက်တောင်တွေကို တရားလွန် ပွတ်ခြင်း၊ မျက်တောင်ကော့ဆေးတွေကို ဆွဲဖျက်ခြင်း မပြုလုပ်သင့်ပါဘူး။

ဒါ့ပြင် မိတ်ကပ် (သို့) မျက်တောင်ကော့ဆေးတွေကို ဖယ်ရှားတဲ့အခါမှာ ပွတ်ပြီးဖျက်ဖို့ကြိုးစားခြင်းထက် သန့်စင်ဆေးရည်ကို ဂွမ်းထဲမှာ နှစ်ပြီး မျက်လုံးပေါ် စက္ကန့် အနည်းငယ်တင်ကာ ကျန်နေတဲ့ မိတ်ကပ်တွေကို အသာအယာ ပွတ်သပ်ပြီးဖျက်သင့်ပါတယ်။ ဒါဟာ သင့်မျက်တောင်တွေအတွက် ပိုမိုကောင်းမွန်သောနည်းလမ်းဖြစ်ပါတယ်။

မျက်တောင်တွေကို သန့်စင်ပြီး ကျန်းမာအောင် ဘာတွေလုပ်သင့်ပါသလဲ။

ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ မျက်တောင်တွေကိုလည်း ပုံမှန်ဖွံ့ဖြိုးစေဖို့နဲ့ ကျန်းမာစေဖို့အတွက် နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အပျော့စား သန့်စင်ဆေးရည်တွေနဲ့ မျက်တောင်တွေကို နေ့စဉ် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ မျက်တောင်ပေါ်မှာ ကျန်နေတဲ့ မိတ်ကပ်တွေကို အထူးပြုလုပ်ထားတဲ့ ဆေးတွေကို အသုံးပြုပြီး ဖျက်သင့်ပါတယ်။ အုန်းဆီကို အသုံးပြုပြီး ဖျက်နိုင်ပါတယ်။ မျက်လုံးတစ်ဝိုက်အရေပြားဟာ အလွန်နူးညံ့တာကြောင့် ကလေးသုံးတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပြီးလည်း ဖျက်နိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ဖို့ မိတ်ကပ်ကို သူများနဲ့ မျှဝေပြီး မသုံးစွဲဖို့ဟာလည်း အလွန်အရေးကြီးပါတယ်။

မျက်တောင်တွေ ကျန်းမာစေဖို့အတွက် ကျန်းမာစေတဲ့ အစားအစာတွေကို စားသောက်သင့်ပါတယ်။

မျက်တောင်တွေကို ကျန်းမာစေဖို့နဲ့ သဘာဝအတိုင်း ဖွံ့ဖြိုးစေဖို့ သင့်ကိုယ်ခန္ဓာဟာ ဗီတာမင်တွေဖြစ်တဲ့ vitamin C, E, H, B complex၊ ပရိုတင်းနဲ့ သတ္တုဓါတ်တွေ လိုအပ်ပါတယ်။ ဒါကြောင့် အသီးအရွက်တွေ များပြားစွာ ပါဝင်တဲ့ မျှတတဲ့ စားသောက်ပုံနဲ့ စားသောက်သင့်ပါတယ်။ ကျန်းမာတဲ့ အရေပြားနဲ့ မျက်တောင်တွေအတွက် ရေအမြောက်အမြား သောက်သင့်ပါတယ်။

မျက်တောင်တုုတွေကို ရှောင်ကျဉ်ပါ။

မျက်တောင်တုတွေဟာ သင့်မျက်လုံးကို ပိုကြီးသယောင် ဖြစ်စေပြီး ပိုမို လှပစေနိုင်ပါတယ်။ ဒါပေမယ့် သင်စဉ်းစားသင့်တဲ့ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ မျက်တောင်တုတွေကို ဖယ်ရှားလိုက်ရင် (ပြင်းထန်သွားရင်) မျက်တောင်အစစ်တွေ ကျွတ်နိုင်ပါတယ်။ ဒါ့ပြင် မျက်တောင်အတုတွေကို ကပ်တဲ့ကော်မှာ အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ရေရှည်မှာ မျက်တောင်တွေကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် မျက်တောင်တုတွေကို နေ့စဉ် အသုံးမပြုသင့်ဘဲ အရေးကြီးတဲ့ ပွဲလမ်းသဘင်တွေ ရှိမှသာ အသုံးပြုသင့်ပါတယ်။ 

အုန်းဆီ

အုန်းဆီဟာ အရေပြား၊ ဆံပင်နဲ့ မျက်တောင်တွေ အတွက် အလွန်အရေးကြီးပြီးပါတယ်။ သူ့မှာ ဗီတာမင်သာမက မျက်တောင်ဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့ fatty acid တွေ အမြောက်အမြားပါဝင်ပါတယ်။ ဒါ့ပြင် သူဟာ ရေဓါတ်ထိန်းသိမ်းပေးဖို့အတွက်လည်း အသုံးဝင်ပြီး မျက်တောင်တွေကို ပိုရှည်စေပါတယ်။ သူဟာ စျေးသက်သာပြီး သဘာဝပစ္စည်းဖြစ်ကာ ရှာဖွေဝယ်ယူဖို့ လွယ်ကူပြီးတော့ ထိခိုက်လွယ်တဲ့အရေပြား အပါအဝင် အရေပြား အမျိုးအစား အတော်များများအတွက် အကျိုးရှိပါတယ်။ အုန်းဆီကို မျက်တောင်ထိပ်မှာ လိ်မ်းပေးပြီး တစ်ညလုံးထားကာ မနက်ကျရင် ရေဆေးသင့်ပါတယ်။ ဒီနည်းကို ထပ်ခါထပ်ခါ အသုံးပြုရင် ကောင်းကျိုးတွေကို လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

မျက်တောင်တွေဟာ အထိမခံဘဲ လွယ်ကူစွာပျက်စီးနိုင်ပါတယ်။ မျက်လုံးတွေကို လှပနေစေဖို့ မျက်တောင်တွေကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly