မန္တလေးမြို့ အောင်တော်မူဘုရားမှ အလှူခံပုံးသုံးပုံး ခိုးယူခံရ

မန္တလေးမြို့ အောင်တော်မူဘုရားမှ အလှူခံပုံးသုံးပုံး ခိုးယူခံရ

 

နိုဝင်ဘာ ၂၅ ။              ။ မန္တလေးမြို့တော်၏ အထင်ကရတန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် အောင်တော်မူမြတ်စွာဘုးရားမှ အလှူခံပုံးသုံးပုံးကို အမည်မသိလူတစ်ဦးက စီစီတီဗီကင်မရာများကို မမြင်အောင် ပြုလုပ်ကာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲခန့်အချိန်က ခိုးယူသွားခဲ့ကြောင်း အောင်တော်မူဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။

“ဒီလူက ဘုရားထဲမှ ရှိနေတဲ့ စီစီတီဗီကင်မရာတွေအကြောင်း၊ တည်နေရာတွေအကြောင်းကိုလည်း တော်တော်လေ့လာထားတဲ့ပုံပါ။ စီစီတီဗီကို ဘယ်လို မမြင်အောင် လုပ်ရမယ်ဆိုတာလည်း သေသေချာချာ အချိန်ယူလေ့လာထားတယ်။ ၂၄ ရက်နေ့ည မနက်စောကြီး သေသေချာချာကို စီစဉ်ပြီး ခိုးသွားတာပါ။ သုံးပုံးလောက်ထဲက ငွေစုစုပေါင်းအနေနှင့် ငါးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အလှူခံပုံးများကို ခိုးယူသူသည် စီစီတီဗီမြင်ကွင်းကွယ်သည့်လမ်းကို ရွေးချယ်ဝင်ရောက်ခဲ့ပြီး မကွယ်သည့် နေရာများတွင် စီစီတီဗီများကို လျပ်စစ်မီးဖြတ်တောက်ခြင်း၊ ကင်မရာမြင်ကွင်းများကို လှည့်ခြင်း၊ ယင်းသို့ ပြုလုပ်၍မရသည့် ကင်မရာမြင်ကွင်းများတွင် သွပ်ပြားတစ်ချပ်ကို အကာအကွယ်ယူကာ ဖြတ်သန်းခြင်းများပြုလုပ်ပြီး ဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဖော်ပြပါအတိုင်း ဝင်ရောက်ပြီး အလှူခံပုံးများကို မမြင်ကွယ်ရာသို့ သယ်ယူကာ အလှူခံပုံးများမှ သော့များကို ဖျက်ပြီး ပိုက်ဆံများကို ကြွပ်ကြွပ်အိတ်များအတွင်း ထည့်ယူကာ သယ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း စီစီတီဗီမှတ်တမ်းများအရ သိရသည်။

“သူစီစီတီဗီကင်မရာတွေကနေ ကွယ်လို့ရအောင်တော့ လုပ်သွားတယ်။ ဒါပေမယ့် သူ့မျက်နှာကိုအမှတ်မထင် မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တစ်ချို့လည်း ရှိနေပါတယ်။ အဲ့ဒီပုံကို ရဲတပ်ဖွဲ့ကို ပေးပို့ထားပါတယ်။ အခုအမှတ် ၃ နယ်မြေရဲစခန်းမှာလည်း အမှုဖွင့်ထားပြီးဖြစ်ပါတယ်။အခုဖြစ်စဉ်နှင့် ပက်သက်ပြီးတော့ ဒီက လုံခြံုရေးတာဝန်ပေးထားသူတွေကိုရော ကျွန်တော်တို့ ဂေါပကအဖွဲ့က စုံခုံစစ်ဆေးသလို သဘောမျိုး စစ်ဆေးသွားဖို့ရှိပါတယ်။ ရဲတပ်ဖွဲ့ကလည်း သူ့တို့အလုပ်သူတို့လုပ်သွားကြမှာပါ”ဟု   ဂေါပကအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်တော်မူမြတ်စွာဘုရားတွင် စီစီတီဗီကင်မရာများတိုးချဲ့တပ်ဆင် သွားရန်စီစဉ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အောင်တော်မူမြတ်စွာဘုရားပရိဝုဏ်အတွင်း၌ စီစီတီဗီကင်မရာ ၂၁ တစ်လုံးတပ်ဆင်ထားပြီး လုံခြံုရေးအနေဖြင့်လည်း နေ့ပိုင်း ၆ ယောက်၊ ညပိုင်းခြောက်ယောက်တာဝန်ပေးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly