ရန်ကုန် နိုဝင်ဘာ ၁၇ ။ ။ ၄ နှစ်ကျော်ကြာ ပရိသတ်များနှင့် ဝေးကွာခဲ့သည့် သရုပ်ဆောင်ရဲတိုက်နှင့် လက်တွဲ၍ အနုပညာလှုပ်ရှားမှုများ လက်တွဲသွားမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့က တောင်ငူထောင် ကနေလွတ်မြောက်လာသည့် ရဲတိုက်အား သွား ရောက်ကြိုဆို ခဲ့ပြီးနောက် မဇ္ဈိမ၏ ဆက်သွယ် မေးမြန်းမှုတွင် ပြောခဲ့ခြင်းဖြစ်သည်။
" သူပြန်လွတ်တယ်ဆိုတော့ ပျော်တာပေါ့၊ ကျွန်တော် ဖေ့စ်ဘွတ်မှာ ပြောခဲ့သလိုပဲ ပြောချင် တယ်၊ ရဲတိုက်ပြန်လာပြီပေါ့၊ သူနဲ့အတူ အနုပညာ လှုပ်ရှားမှုတွေလည်း ဆက်လုပ်ဖို့ရှိတယ်" ဟု မင်းထင်ကိုကိုကြီးက ပြောသည်။
သရုပ်ဆောင်ရဲတိုက်သည် ထောင်အတွင်း နေထိုင်စဉ်ကာလများကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းခဲ့ပြီး၊ ပြန်လည်လွတ်မြောက်လာသည့်အခါတွင်လည်း ကိုယ်စိတ်ကျန်းမာရေးမှာ မျှော်လင့်သည်ထက် ပိုမိုကောင်းမွန်လျှက်ရှိသည်ဟု မင်းထင်ကိုကို ကြီးက ဆက်ပြောသည်။
" အားလုံးက သူ့ကိုမျှော်လင့်ထားတာထက် ကျွန် တော်မျှော်လင့်ထားတာထက်ကို သူ့စိတ်အခြေအနေက ကောင်းပါတယ်၊ သူက စိတ်ဓါတ်ခိုင်မာတဲ့လူငယ်လေးတစ်ယောက်ပါ" ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
သရုပ်ဆောင်ရဲတိုက်သည် မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှု ၊ သာသနာညှိုးနွမ်းစေမှုတို့ဖြင့် တောင်ငူ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံခဲ့ရသည်။ ယနေ့ နံနက်တွင် ပြစ်ဒဏ်မှ လွတ်မြောက်လာပြီးနောက် ရန်ကုန်သို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။