ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငွေစက္ကူထုတ်လုပ်မှုကို တပ်မတော်ကန့်ကွက်မှုသည် စိတ်မအေးစရာဟု KIO ဗိုလ်ချုပ် ဂွမ်မော် ဆို

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါငွေစက္ကူထုတ်လုပ်မှုကို တပ်မတော်ကန့်ကွက်မှုသည် စိတ်မအေးစရာဟု KIO ဗိုလ်ချုပ် ဂွမ်မော် ဆို

 

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ။                   ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ ထုတ်လုပ်ရန် အဆိုကို တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်တစ်ဦးမှ ကန့်ကွက်မှုကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) မှ ဗိုလ်ချုပ်ဂွမ်မော်က စိတ်မအေးစရာဖြစ်ကြောင်း သူ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

"လုပ်ထုံးလုပ်နည်းအရဆိုတာကို နားလည်နိုင်ပေမယ့် ဗိုလ်ချုပ်ပုံ - ငွေစက္ကူပေါ် ရိုက်နှိပ်ရေးတောင်မှ အဲ့လောက်ရှင်းပြနေရ ၊ အဲ့လောက် ခက်ခဲနေရဆိုရင် တစ်ခြားအရေးများ အတွက် စိတ်မအေးစရာပါ" ဟု ဗိုလ်ချုပ်ဂွမ်မော်က ရေးသားထားခြင်းဖြစ်သည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော ငွေစက္ကူများကို အနာဂတ်ကာလများတွင် ရိုက်နှိပ် ထုတ်ဝေရန်  ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မြိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက အောက်တိုဘာ ၂၇ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ယနေ့ လွှတ်တော်အစည်းအဝေး၌ ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ကျော်မင်းလှိုင် က "အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ရုပ်ထုများကို နိုင်ငံသူ၊ နိုင်ငံသားများက အမြတ်တနိုးတန်ဖိုးထား ဂုဏ်ပြုနေမှုကြောင့် သပ်ရပ်တင့်တယ်ပြီး လေးစားကြည်ညိုဖွယ် ဖြစ်သော်လည်း ငွေစက္ကူတွင် ရိုက်နှိပ်ဖော်ပြထားသည့် ဗိုလ်ချုပ်ပုံများကတော့ ကိုင်တွယ်ရာတွင် စနစ်ကျမှု မရှိခြင်း၊ ထားသိုမှု၊ သယ်ဆောင်မှုများတွင် အလေးထားမှု မရှိခြင်းကြောင့် ဟောင်းနွမ်းမှေးမှိန်ပြီး စုတ်ပြဲနေတာကို စိတ်မကောင်းစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

ယင်းအဆိုကိို တပ်မတော်သားကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီဝင်ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့ပြီး အဆိုကို မဲခွဲရာ ထောက်ခံမဲ ၂၈၆မဲ ၊ ကန့်ကွက်မဲ ၁၀၉ မဲ ဖြင့် အဆိုအတည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly