ဆင်းရဲနွမ်းပါးမှုကြောင့် ရခိုင်ဒေသခံအများအပြား အိမ်သာဆောက်ရန် တွန့်ဆုတ်နေ

ဆင်းရဲနွမ်းပါးမှုကြောင့် ရခိုင်ဒေသခံအများအပြား အိမ်သာဆောက်ရန် တွန့်ဆုတ်နေ
နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ရသော မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမြင်ကွင်းတစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျေးလက်ဒေသ နေအိမ် အများအပြားတွင် အိမ်သာ မရှိကြသည့် အဓိက အကြောင်းရင်းများထဲတွင် ဆင်းရဲနွမ်းပါးမှုက ထိပ်ဆုံးမှ ပါဝင်ကြောင်း မကြာသေးခင်က တွေ့ဆုံခဲ့သည့် ဒေသခံများက ပြောသည်။

ကြိမ်ချောင်းရွာမှ နေအိမ်တွင် စျေးဆိုင်ဖွင့်ထားသူ ဒေါ်စိန်ဝင်းဖြူက  အိမ်သာအသုံးပြုခြင်းဖြင့် ကျန်းမာရေး၊ လူမှုရေး ရလဒ်ကောင်းများ ရရှိနိုင်သည်ကို နားလည်လက်ခံသည့် ဒေသခံအရေအတွက် အနည်းငယ် တိုးပွားသည်ဟု ဆိုသည်။ ၎င်း၏ ဝန်းကျင်တွင် အိမ်သာတည်ဆောက်ပြီး အသုံးပြုနေသူ များပြားကြောင်း၊ အိမ်နီးချင်းမိသားစုတစ်ခုတွင် ငွေရှာနိုင်သူ နည်းပါးသဖြင့် အိမ်သာ မရှိခြင်းဖြစ်ကြောင်း  ပြောပြသည်။

နေအိမ်ခြံဝန်းအတွင်း အိမ်သာတည်ဆောက်ခြင်းသည် ဒေသခံအများအပြားအတွက်  ဝန်ထုပ်ဝန်ပိုး ဖြစ်နေသောကြောင့် ကျင်ကြီးကျင်ငယ်စွန့်လိုပါက လူသူကင်းရှင်းသည့်နေရာသို့ သွားရောက်ဖြေရှင်းတတ်ကြသည်။

ကြိမ်ချောင်းကျေးရွာမှ ၆ တန်းအထိ ပညာသင်ဖူးသည့် အမျိုးသမီးတစ်ဦးက အိမ်သာ၏ ကောင်းကျိုးကို  ပိုမို သိရှိလာသည်မှာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သော်လည်း နောက်ဖေးကိစ္စအတွက် ယခင်နည်းလမ်းဟောင်းကိုသာ နေ့စဉ် ကျင့်သုံးနေဆဲဖြစ်သည်ဟု ပြောသည်။

"အိမ်သာသွားရင် ချောင်းနားပဲ သွားတယ်၊  နေ့ခင်းဘက်ကျတော့ သွားရတာ အခက်အခဲ ရှိတာပေါ့။ ဘေးအိမ်တွေကတော့ အိမ်သာ ရှိတယ်၊ ဒါပေမယ့် သူတို့ဆီသွားပြီး အိမ်သာ မသုံးပါ(ဘူး)" ဟု အသက် ၃ဝ ဝန်းကျင်ရှိပြီဖြစ်သည့် ထိုအမျိုးသမီးက ပြောသည်။

အိမ်သာတစ်လုံး တည်ဆောက်ရေးအတွက် လိုအပ်သော ငွေကြေး ရရှိရန် အချိန်ယူပြီး စုဆောင်းနိုင်ကြောင်း၊ သို့သော်လည်း စုဆောင်းငွေကို အိမ်သာဆောက်ခြင်းထက် စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုလိုကြောင်း သူက ဆက်ပြောသည်။

နေအိမ်ခြံဝန်းအတွင်း အိမ်သာတည်ဆောက်ရေးမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ ခင်ပွန်းသည်၏ ဦးစီးဦးဆောင်မှုနှင့်လည်း သက်ဆိုင်နေသည်ဟု သူက ဆိုသည်။

တစ်သိန်းကျော် ဟူသော ငွေပမာဏကို အသုံးပြု တည်ဆောက်ရေးမှာ ခင်ပွန်းသည်ကိုယ်တိုင် နေအိမ်တွင် ရှိနေမှ ဖြစ်မည်ဟု သူက ပြောသည်။ အခြားသော အိမ်ထောင်ရှင်အမျိုးသမီး အများအပြားနည်းသူ ထိုအမျိုးသမီးကလည်း ခင်ပွန်းသည်ကို မိသားစု၏ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသူဖြစ်သည်။

ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ်ရှိ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်များတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တက်လမ်းစီမံကိန်းသည် အိမ်သာတည်ဆောက်ရေးပစ္စည်းများ အထောက်အပံ့ပေးလျက်ရှိသည်။ နိုင်ငံတကာကူညီရေးအဖွဲ့တချို့ ပူးပေါင်းလုပ်ဆောင်နေသည့် တက်လမ်းစီမံကိန်းတွင် တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာပေးသင်တန်းများလည်း ပါဝင်သည်။    စီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ််ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေကြေးထောက်ပံ့ထားသည်။

မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမှ ၅၃ နှစ်အရွယ် ဒေါ်စိန်မျတင်သည် တက်လမ်း၏အကူအညီဖြင့် နေအိမ်ခြံဝန်းအတွင်း လုံခြုံပြီး လေဝင်လေထွက်ရှိသည့် အိမ်သာတစ်လုံး တည်ဆောက်ထားသူဖြစ်သည်။

"တွင်းတူးတာ လေးငါးရက်ကြာတယ်။ ခွေ နဲ့ အဖုံး၊ တည်ဆောက်တပ်ဆင်ပစ္စည်း အကုန်လုံးကို လျှောက်လွှာတင်ပြီး ၁ လ ကျော် အတွင်း (ဝယ်ယူ) ရရှိပါတယ်" ဟု ဒေါ်စိန်မျတင်က ပြောသည်။

အပေါ့အပါးသွားရန် အိမ်သာမသုံးဘဲ ခြုံတိုးကြသူတို့၏ အကြောင်းပြချက်တစ်ခုမှာ  အိမ်သာသည် အနံ့ဆိုးထွက်သည့်နေရာဖြစ်သောကြောင့် နေအိမ်အနီး မရှိသင့်ဟူသော အယူအဆ ဖြစ်သည်။

ဒေါ်စိန်မျတင်ကမူ ယင်လုံအိမ်သာဖြစ်ပါက အနံ့အသက်ကို ထိန်းချုပ်နိုင်သည်ဟု ရှင်းပြသည်။

"အနံ့ကိစ္စရှင်းဖို့အတွက် အနံ့ထိန်းနိုင်တဲ့ ပိုးသတ်ဆေးတို့၊ ရေနံဆီတို့ အသုံးပြုရပါတယ်။ (ရွာမှာ) အိမ်သာမသုံးတဲ့သူတွေက အများကြီး ရှိပါတယ်။ ပိုက်ဆံသိပ်မတတ်နိုင်လို့ မသုံးသူ ရှိသလို သုံးနေကြမဟုတ်လို့ မသုံးချင်သူလည်း ရှိပါတယ်" ဟု အိမ်သာတစ်လုံး တည်ဆောက်ရန်အတွက် ကျပ်တစ်သိန်းကျော် အသုံးပြုခဲ့သူ ကြိမ်ချောင်းရွာမှ ဒေါ်စိန်မျတင်က ပြောသည်။  

ကြိမ်ချောင်းတစ်ဖက်ကမ်း မေလွန်းကျေးရွာမှ ကျန်းမာရေးမှူး ဦးဘိုမောင်တင်က ဒေသခံတချို့တွင် အကူအညီပေးရေးအဖွဲ့အစည်းများကို မှီခိုလွန်းသည့်သဘာဝ ရှိနေသည်ဟု ပြောသည်။ ကိုယ်ပိုင်အိမ်သာတည်ဆောက်ရေးတွင်လည်း ကူညီရေးအဖွဲ့က အစ အဆုံး အခမဲ့ တပ်ဆင်တည်ဆောက်ပေးစေလိုသူ အများအပြား ရှိနေသည်ဟု ဆိုသည်။

"အဖွဲ့အစည်းတွေက ပေးတယ်၊ ပေးတဲ့ဟာကို သူတို့ စောင့်နေကြတယ်" ဟု ဦးဘိုမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာသို့ ရောက်လာသော သတင်းထောက်များကို ပြောသည်။

ကျန်းမာရေးဌာနတွင်မူ ကျေးလက်ကျန်းမာရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် ငွေကြေး အကန့်အသတ် ရှိနေသည်ဟု ဆိုသည်။

"ဘတ်ဂျက်တွေ လိုတာပေါ့၊ ကျန်းမာရေးဌာနက လူပဲရှိတယ်၊ ဘာမှ လုပ်လို့ မရဘူး" ဟု မေလွန်းကျေးရွာ၊ ကျန်းမာရေးမှူးက ပြောသည်။

ကမ္ဘာ့အိမ်သာနေ့

ခြုံတိုး မစင်စွန့်သည့် အလေ့အထသည့် ကူးစက်ရောဂါများဖြစ်ပွားစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။

စနစ်တကျစွန့်ပစ်ခြင်းမရှိသည့် မစင်ကို ယင်နားရာမှ ရောဂါပိုး ပျံ့ပွားစေပြီး ရောဂါထူပြောစေကြောင်းကို တက်လမ်း အပါအဝင် ကူညီရေးအဖွဲ့အစည်းတချို့က မြန်မာနိုင်ငံ ဒေသတချို့တွင်  ပညာပေးနေပြီး အိမ်သာ အသုံးပြုရန် တိုက်တွန်းလျက်ရှိသည်။

အိမ်သာအသုံးပြုမှုနည်းပါးသည့်နေရာမှာ ကျေးလက်ဒေသများတွင် တည်ရှိသောကြောင့် ဒေသခံတို့ကို လုံခြုံသည့်အိမ်သာဆောက်လုပ်သည့် နည်းလမ်းများ သင်ကြား ပြသခြင်း၊ စရိတ်နည်းပါးသည့် အိမ်သာ တည်ဆောက်နိုင်ရန် ကူညီခြင်း၊ စာသင်ကျောင်းများတွင် အိမ်သာ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို နိုင်ငံတကာအဖွဲ့တချို့က ကူညီဆောင်ရွက်လျက်ရှိသည်။

အိမ်သာအသုံးပြုနိုင်မှု အားနည်းခြင်းကို မြန်မာနိုင်ငံတွင်သာမက တခြားနိုင်ငံအများအပြားတွင်လည်း တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ရ,ဝဝဝ ကျော်ရှိရာ  ဟာလာဟင်းလင်း ပတ်ဝန်းကျင်တွင် ကျင်ကြီးကျင်ငယ်စွန့်သူ အရေအတွက်မှာ သန်း ၁,ဝဝဝ ဝန်းကျင် ရှိနေသည်။  ထိုအခြေအနေကို သတိပြုမိကြစေရေးအတွက် ၂ဝ၃ဝ ပြည့်နှစ်တွင် လူတိုင်း အိမ်သာသုံးနိုင်ရေး ရည်မှန်းဆောင်ရွက်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က  နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာနေ့အဖြစ် သတ်မှတ်ထားသည်။

ရခိုင်ပြည်နယ် တက်လမ်းစီမံကိန်းဒေသတွင်  အိမ်သာအစား ခြုံတိုး၊ တောတိုးသည့် အလေ့အထကို ဆက်ပြီး ဆုပ်ကိုင်ထားကြောင်း ရွာသူရွာသား ၆၉% က ပြောဆိုထားကြပြီး ထိုသို့ ရွေးချယ်ကြသည့် အကြောင်းရင်း အများအပြား ရှိကြသည်ဟု  တက်လမ်း အစီအစဉ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Jennifer M Macintyre က ရှင်းပြသည်။

"တက်လမ်းအဖွဲ့က အိမ်သာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေအတိုင်း ဆောက်ခဲ့တာဖြစ်တယ်၊ ရွာသားတွေကို အိမ်သာဆောက်မယ်ဆိုရင် ရေတွင်းရေကန်၊ မြစ်ချောင်းတို့နဲ့ မီတာ ၃ဝ အကွာအဝေး အနည်းဆုံး ရှိရမယ်၊ အိမ်သာကျင်းက တစ်မီတာခွဲ နက်ရမယ်ဆိုပြီး သင်ကြားပို့ချထားတယ်" ဟု Jennifer M Macintyre က ပြောသည်။

ဒေသတွင်းမြစ်ချောင်းကမ်းနဖူးပေါ်  အိမ်သာဆောက်လုပ် အသုံးပြုခြင်းကိုမူ  တက်လမ်းအဖွဲ့က အားပေးခြင်းမရှိဟု ဆိုသည်။

"မြစ်ချောင်းတွေထဲ အညစ်အကြေးစွန့်တာဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာရောက်တယ်၊ ရေကနေ ကူးစက်တဲ့ ရောဂါ ပြန့်ပွားစေတယ်ဆိုတဲ့အကြောင်း တက်လမ်း ဝန်ထမ်းတွေက  ဒေသခံတွေနဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ အမြဲတမ်း ဆွေးနွေး ပို့ချဖြစ်ပါတယ်" ဟု Jennifer က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly