ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.
မျှော်လင့်နေကြတဲ့ ဖခင်တွေဟာ မွေးခန်းထဲက သူတို့ရဲ့ လက်တွဲဖော်ကို ဖေးမကူညီချင်ပေမယ့် ဘာလုပ်ရမလဲဆိုတာ မသိကြပါဘူး။
ဒီဆောင်းပါးက ဖခင်အလောင်းအလျာတွေအတွက် သူတို့ချစ်ရတဲ့သူတွေကို မွေးခန်းထဲမှာ ဘယ်လိုဖေးမကူညီရမလဲဆိုတဲ့ အချက်အလက် အနည်းငယ်ကို ဖော်ပြသွားမှာပါ။
ဘာကြောင့် မွေးခန်းထဲကို ဖခင်တွေ လာသွားသင့်တာလဲ။
ဖခင်တစ်ယောက်အနေနဲ့ သင်ဟာ ကလေးကို ဝမ်းနဲ့မလွယ်ရသော်လည်း မွေးခန်းထဲက သင့်လက်တွဲဖော်ကို ဘေးကနေ အားပေးနိုင်ပါတယ်၊ နည်းပြနိုင်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီနိုင်ပါတယ်။
မွေးခန်းထဲဝင်ပြီးတာနဲ့ သင့်လက်တွဲဖော်ကို သင်တို့ကလေး မွေးဖွားဖို့ စတင်တာကစပြီး မွေးဖွားပြီးတဲ့အချိန်အထိ အဆင့်တိုင်းမှာ ကူညီပေးဖို့ လိုအပ်တတ်ပါတယ်။ ပိုအရေးကြီးတာက မွေးဖို့ရက်မတိုင်ခင် သင့်လက်တွဲဖော်ကို သူမ ဘာတွေလိုမလဲ၊ ဘာတွေ လိုချင်သလဲဆိုတာ မေးထားသင့်ပါတယ်။
အဲ့လိုမေးထားပြီး မှန််ကန်တဲ့ အဖြေကို သိထားတာက သင်တို့နှစ်ယောက်လုံး တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး နားလည်မှု ရှိစေမှာပါ။ သူမ ဆေးရုံရောက်ဖို့ ပြင်ဆင်ပေးတာ၊ တခြား မိသားစုဝင်တွေကို သူမအခြေအနေအကြောင်း ပြောပြပေးတာတွေမှာ ကူညီပေးသင့်ပါတယ်။
မွေးခန်းထဲမှာ ဘာလုပ်ပေးနိုင်မလဲ။
ပိုပြီး တိတိကျကျပြောရရင် ဖခင်တစ်ယောက်က သူလက်တွဲဖော် မီးဖွားချိန်မှာ ဒါတွေ ကူညီနိုင်ပါတယ်။
၁။ Contraction phase ( ဗိုက်စနာတဲ့အချိန် )
အစပိုင်း ဗိုက်နာတဲ့ နာရီအနည်းငယ်မှာ သင့်ရဲ့ အဓိကတာဝန်ကတော့ အာရုံလွှဲဖို့ပါ။ သူမ ကြိုက်နှစ်သက်တဲ့ သံစဉ်ဖွင့်ပေးခြင်း၊ သူမနဲ့အတူ အခန်းထဲမှာ လမ်းပတ်လျှောက်ခြင်း၊ တကယ်လို့ သူမကျောနဲ့ ခြေဖျားတွေကို နှိပ်နယ်ပေးဖို့ လိုအပ်မလား မေးမြန်းခြင်း တို့ ပြုလုပ်ပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သွားလာနိုင်တယ်ဆိုရင် မွေးဖွားတဲ့အခါ လွယ်ကူနိုင်တာကြောင့် သင့်အနေနဲ့ သူမကို တစ်ခုခုလုပ်ဖို့ အားပေးဖေးမသင့်ပါတယ်။ လှဲနေပြီး နောက်လာမယ့် ဗိုက်နာခြင်းကို စောင့်နေတာမျိုးတော့ မဖြစ်စေသင့်ပါဘူး။
၂။ Active phase ( ကလေးမွေးခါနီးအဆင့် )
သင့်လက်တွဲဖော်က ဗိုက်ပိုနာလာပြီး ကလေးမွေးဖို့ ပိုနီးကပ်လာတဲ့အခါ သင့်အနေနဲ့ သူမကို တောက်လျှောက် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အဲ့နာကျင်မှုဟာ သူမကို စတင်ပြီး အရမ်းပင်ပန်းစေကာ အရှုံးပေးစေချင်လာပါလိမ့်မယ်။
သူမနဲ့ မျက်လုံးချင်းဆုံအောင် ကြိုးစားပါ၊ သူမကို နှစ်သိမ့်ပေးပါ၊ သူမနဲ့အတူ အမှတ်စဉ်ဖြင့် အသက်ပြင်းပြင်းရှုပေးပါ။ အားပေး ဖေးမပါ၊ သူမလက်ကို တောက်လျှောက်ကိုင်ထားပေးပါ။
၃။ Delivery phase ( ကလေးမွေးတဲ့အဆင့် )
ဒီအဆင့်က အရေးအကြီးဆုံးအဆင့်ပါ။ ခင်ပွန်းရော ဇနီးအတွက်ပါ ကြီးမားတဲ့ အခိုက်အတန့် ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့်လက်တွဲဖော်က အမြင့်ဆုံးနာကျင်မှုပမာဏကို ခံစားနေရပြီး သင့်အနေနဲ့ စိတ်အေးအေး၊ စိတ်ငြိမ်ငြိမ်ထားဖို့ လိုအပ်ပါတယ်။
သင့်လက်တွဲဖော် စိတ်ငြိမ်အောင် ကြိုးစားပါ။ မျက်ရည်တွေကို ကလေးမွေးဖွားပြီးတဲ့ အချိန်အထိ သိမ်းထားပါ။ ကလေးမွေးဖို့ ညှစ်တဲ့အချိန်တိုင်းမှာ သင့်ရဲ့အကောင်းဆုံးအပြုအမူက သူမကို ဖေးမပေးပြီး အားရှိစေမှာပါ။
သူမရဲ့ နဖူးကို နမ်းပေးတာ၊ သူမလက်ကို ကိုင်ပေးတာ၊ သူမကို အားပေးနှစ်သိမ့်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ သင့်ရင်သွေးလေး ဒီကမ္ဘာကြီးထဲ ရောက်ရှိလာတဲ့ အခိုက်အတန့်လေးကို ကြည့်ရှုဖို့အတွက် မွေးဖွားနေတာကိုလည်း ကြည့်နေဖို့ လိုအပ်ပါတယ်။
ဒါဟာ သင့်ရဲ့ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး အမှတ်ရနေမယ့် အခိုက်အတန့်လေး ဖြစ်လာမှာပါ။