ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်းကို ၂၂ ရက်နေ့ အစိုးရထံတင်ပြသွားမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်းကို ၂၂ ရက်နေ့ အစိုးရထံတင်ပြသွားမည်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝက်ဆိုက်အား တွေ့မြင်ရစဉ်။
 

ရန်ကုန် ၊နို၀င်ဘာ ၁၀ ။         ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမူကြမ်း ကို လက်ရှိအချိန်တွင် စိစစ်နေပြီး ယခုလ နို၀င်ဘာ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားနိုင်ရန် ကြိုးစားနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမူကြမ်း စိစစ်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးလှဌေးက ဆိုသည်။

"အခုက စိစစ်တုန်းပဲ၊ စိစစ်ရေးအဖွဲ့က ၂၂ ရက်နေ့မှပြီးမယ်လို့ မှန်းထားတယ်။ ကော်မတီက စိစစ်ပြီးရင် အစိုးရရုံးကို ပို့မယ်။ အစိုးရရုံးကနေပြီးတော့ ပြန်ကျလာတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်မှာဆွေးနွေးမယ်။ပြီးတော့မှ အတည်ပြုမယ်ပေါ့" ဟု ဦးလှဌေးက ဆိုသည်။

ယခုရေးဆွဲထားသည့် ဥပဒေမူကြမ်းသည် ယခင်က ရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ နှင့် တော်တော်များများ ကွဲပြားပြီး ပြောင်းလဲရေးဆွဲထားသည်ဟု ၄င်းကဆိုသည်။

"လက်ရှိလုပ်နေတဲ့ ရန်ကုန်မြို ့တော်စည်ပင်သာယာရေးကော်မတီနဲ့ လုပ်နည်းလုပ်ဟန်တွေ ဖွဲ့စည်းပုံတွေက အစ သိသိသာသာကြီး ပြောင်းလဲသွားမှာပါ" ဟု စိစစ်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးလှဌေးက ဆိုသည်။

လက်ရှိရေးဆွဲထားသည့် ဥပဒေမူကြမ်းကို ၁၉၂၂ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြန်လည်အခြေခံကာ စင်ကာပူ နိုင်ငံမှ ဥပဒေများ တခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ ဥပဒေများကိုပါ လေ့လာပြီး ထည့်သွင်းရေးဆွဲထားသည်ဟု သိရသည်။

ယခင်အစိုးရလက်ထက်က ရွေးချယ်ထားသည့် စည်ပင်သာယာရေးကော်မတီဝင်များကို အစိုးရသစ် စတင်တာဝန်ယူ ခဲ့သည့် နှစ် မေလ ၁၆ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းခဲ့ပြီးနောက် စည်ပင်သာယာ ရွေးကောက်ပွဲများကိုလည်း စည်ပင်သာယာ ဥပဒေထွက်ရှိမှသာ ပြုလုပ်ပေးမည်ဟု တိုင်းဒေသကြီးအစိုးရက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly