ပလက်ဝဒေသအနီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများ သတိထားသွားလာရန် AA ထုတ်ပြန်

ပလက်ဝဒေသအနီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများ သတိထားသွားလာရန် AA ထုတ်ပြန်

ရန်ကုန် ၊ နိုဝင်ဘာ ၅ ။           ။ ချင်းပြည်နယ်၊ ပလက်ဝဒေသအနီး၌ တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်ခြင်းကြောင့် ဒေသခံများအား ခရီးသွားလာခြင်းမပြုရန်နှင့် မဖြစ်မနေ သွားလာရမည့် အခြေအနေရှိပါက သတိထားသွားလာရန် ရက္ခိုင့်အဖွဲ့(AA) မှ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ တွင် သတိပေးထုတ်ပြန်ထားသည်။

ကုလားတန်မြစ်၊ ကလက်ချောင်းနှင့် ပီချောင်းတစ်ဝိုက်တွင် ခရီးသွားလာခြင်းမပြုရန် AA မှ ဒေသခံများကို အသိပေး ထားခြင်းလည်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိရန် မဇ္စျိမအနေဖြင့် AA အဖွဲ့အား ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပဋိပက္ခကာလအတွင်း ဒေသခံများ အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ ရှိနေပါက လူထုအခြေပြုအဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူသိရှိစေရန် ဖော်ထုတ်အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်ကိုလည်း တွေ့မြင်ရသည်။

တပ်မတော်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်မှုများသည် ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝဒေသအနီး၌ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့တွင်လည်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်အနီး၌ AA နှင့် တပ်မတော်အကြား ထိတွေ့ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ယခုနှစ် သြဂုတ်လကုန်ပိုင်းတွင်လည်း ကုလားတန်မြစ်အနောက်ဘက်ခြမ်း ကန်သရက် တောင်တန်းအနီးတွင် တပ်မတော်နှင့် AA အဖွဲ့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်သည်များ ကျဆုံးမှုများရှိခဲ့သည်။

ယင်းထိတွေ့မှုတွင် AA အဖွဲ့မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသော်လည်း AA ဘက်ကမူ တပ်မတော်ဘက်မှ စတင်ဝင်ရောက်၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags