အရေခွံခွာယူရန်အတွက် မြန်မာ့တောဆင်ရိုင်းများ တစ်ပတ်လျှင် တစ်ကောင်နှုန်း အသတ်ခံနေရ

အရေခွံခွာယူရန်အတွက် မြန်မာ့တောဆင်ရိုင်းများ တစ်ပတ်လျှင် တစ်ကောင်နှုန်း အသတ်ခံနေရ
 ဇွန်လ ၁၅ ရက်က ပုသိမ်မြို့နယ်၊ သလပ်ခွာသစ်တောဘိနယ် အကွက်အမှတ်(၂၇)တွင် တောဆင်ရိုင်း(၁)ကောင် အဆိပ်မြှားဒဏ်ရာကြောင့် သေဆုံးနေစဉ် ။ ဓာတ်ပုံ-စည်သူမောင်မောင်

 

ရန်ကုန် ၊ နို၀င်ဘာ ၁ ။                 ။ အရေခွံခွာယူရန်သပ်သပ်အတွက် တစ်ပတ်လျှင် တစ်ကောင်နှုန်းဖြင့် မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရ သောကြောင့် နောင်နှစ်အနည်းငယ်အတွင်း မျိုးတုံးပျောက်ကွယ်သွားနိုင်သည်ဟု WWF စစ်တမ်းများအရ သိရသည်။

"၂၀၁၂ ရဲ့ စာရင်းတွေအရ အသတ်ခံရတဲ့ ဆင်ကောင်ရေက ၁ ကောင်လောက်ပဲ ရှိတဲ့အချိန်မှာ ၂၀၁၃ မှာ ၁၄ ကောင်အထိ မြင့်တက်သွားတယ်။ ၂၀၁၇ အခု ဒီနှစ်ထဲမှာ ကြည့်မယ်ဆိုရင် တစ်ပတ်ကို တစ်ကောင်နှုန်းအနေနဲ့ အသတ်ခံနေတယ်" ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ ( WWF) မြန်မာမှ Organization Director မနန်းမေမိုးအောင် က ပြောသည်။

ဆင်များအား အဆိပ်လူးမြှား၊ အားပြင်းသည့် ရိုင်ဖယ်များဖြင့် အများဆုံးပစ်ခတ်သတ်ဖြတ်ကြပြီး သေဆုံးပြီး နောက် သားရေများ၊ အစွယ်များ၊ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို   ပြည်တွင်းပြည်ပပို့ ရောင်းချကြကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ၂၀၁၇ခုနှစ်အတွင်း တောဆင်ရိုင်း ရကောင် သတ်ဖြတ်ခံထားရသည်။

ဆင်၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများသည် တရားမဝင်စျေးကွက်အတွင်း၌ ၀ယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိကနေရာတစ်ခုဖြစ်လာနေကာ တရုတ်-မြန်မာ နယ်စပ်သည် အဓိက မှောင်ခိုစျေးကွက်ဖြစ်လာနေသည်။

ထို့ကြောင့် တောဆင်ရိုင်းများအားအရေခွံကြောင့် သတ်ဖြတ်နေမှုအား ရပ်တန့်စေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အဖွဲ့အစည်း ၆ ခုနှင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပူးပေါင်းပြီး Voice for Momos အစီအစဉ်တစ်ရပ်အား မကြာမီ ပူးပေါင်း လုပ်ဆောင်တော့မည်ဟု သိရသည်။

အဆိုပါအဖွဲ့အစည်း ၆ ခုမှာ  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (BANCA )၊ နိုင်ငံတကာတောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ ( FFI ) မြန်မာ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများအသင်း (FoW) ၊ Grow Back for Posterity (GBP) ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ ( WWF)  တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၁၈ ကောင် အထိ သတ်ဖြတ်ခံခဲ့ရသည်ဟု သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC) မှ တရားဝင်ထုတ်ပြန်ထားပြီး ဆင်သားရေကုန်သွယ်မှုကြောင့် သတ်ဖြတ်ခံရသည့် ၂၀၁၆ ခုနှစ် သြဂုတ်လအထိ တောဆင်ရိုင်းပေါင်း ၃၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

"နောက်ဆိုရင် ဆင်ဆိုတာ ပြတိုက်မှာ သွားကြည့်ရမယ့် အရာတစ်ခု ဖြစ်ဖို့ နီးလာနေပြီ" ဟု နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့(FFI) မြန်မာမှ တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်းရေးမှူ ဦးနေမျိုးရွှေက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ့တောဆင်ရိုင်းကောင်ရေအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာအရ အကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ကြားသာကျန်ရှိတော့သည်ဟု တရားဝင်ခန့်မှန်းထားသော်လည်း ယင်းပမာဏအောက်များစွာ လျော့နည်းနေနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly