ကျောင်းအုပ်ဆရာမကြီးက တရားမျှတစွာ စီရင်ပေးရန် TNLA ကို တောင်းဆို

ကျောင်းအုပ်ဆရာမကြီးက တရားမျှတစွာ စီရင်ပေးရန် TNLA ကို တောင်းဆို
TNLA စစ်သားတစ်ဦးအား တွေ့ရစဉ်။

ရန်ကုန် ၊ အောက်တိုဘာ ၃၁ ။            ။ ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာရှိ ကျောင်းအုပ်ဆရာမတစ်ဦးကို TNLA တပ်သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့ပြီးနောက် ယင်းတပ်သားနှစ်ဦးအား ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်ပေးရန် ကျောင်းအုပ်ဆရာမဖြစ်သူက တောင်းဆိုလိုက်ကြောင်း သိရသည်။

"အဓိက ကတော့ ဒီဆရာမကြီးဘက်က ပွင့်လင်းမြင်သာမှုရှိတဲ့ တရားမျှတမှု ရရှိဖို့ရယ်၊ TNLA ဘက်က စီရင်ပေးဖို့ တောင်းဆိုထားပါတယ်" ဟု အဆိုပါ ကျောင်းအုပ်ဆရာမကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သည့် တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးပီးနှိမ်းက ပြောသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည့် ကျောင်းအုပ်ဆရာမကြီးကို တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဆရာမကြီးက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

"ဆရာမကြီးက စိတ်ပိုင်းဆိုင်ရာရော ကျန်းမာရေးကုသမှုပိုင်းဆိုင်ရာရော လိုအပ်ချက်တွေ ရှိနေတယ်။ အဲ့ဒါအတွက် ကျွန်မတို့ရဲ့ အကူအညီကို ဆရာမကြီးဘက်က လိုလားတယ်လိုအပ်တယ်ဆိုရင် ကူညီပေးဖို့အသင့်ရှိနေပါတယ်" ဟု လွေးပီးနှိမ်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းခန့်တွင် TNLAတပ်သားနှစ်ဦးက ကျောက်မဲမြို့နယ၊်၊ မန်ခေါက်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်သို့ ရောက်ရှိလာပြီး လက်ကိုင်ဖုန်းနှစ်လုံးကို သိမ်းဆည်းကာ ဆရာမကြီးအား နေအိမ်အပြင်ဘက်သို့ ခေါ်ထုတ်ပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျောက်မဲမြို့နယ်၊ ပညာရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အောက်တိုဘာ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးပီးနှိမ်းက "နောက်နောင် ဘယ်လို လက်နက်ကိုင်မျိုး မဆို ဒီလိုပြစ်မှုကျူးလွန်မှုမျိုးတွေ ထပ်မလုပ်ဖို့ တောင်းဆိုချင်တယ်။ ဒီဒေသမှာက လက်နက်ကိုင်တွေကမျိုးစုံရှိတယ်။ တကယ်ကျူးလွန်တဲ့သူတွေကလဲ တာဝန်ယူမှုတာဝန်ခံမှုနဲ့ လုပ်ဆောင်ပေးစေချင်တယ်" ဟု ဆိုသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမှာ မှန်ကန်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေးနေပြီး စစ်ဥပဒေအရ အရေးယူသွားမည်ဟု အောက်တိုဘာ ၂၇ ရက်နေ့က မဇ္စျိမသို့ ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly