ပြည်သူ့အကျိုးစီးပွားကို အတိအကျအကောင်အထည်ဖော်မယ့် ပါတီဖြစ်အောင် ထူထောင်သွားမည်

ပြည်သူ့အကျိုးစီးပွားကို အတိအကျအကောင်အထည်ဖော်မယ့် ပါတီဖြစ်အောင် ထူထောင်သွားမည်

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ။          ။ ၈၈ ကျောင်းသားမျိုးဆက်များအပါအဝင် နိုင်ငံရေး မျိုးဆက်များ ပါ၀င်သည့်၊ ပြည်သူ့လူထု၏ အကျိုးစီးပွားအား တိတိကျကျ အကောင်အထည်ဖော်ပေးမည့်   နိုင်ငံရေးပါတီ ဖြစ်အောင် ထူထောင်သွားမည်ဟု နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးမင်းဇေယျာ က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"နိုင်ငံရေးမျိုးဆက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တိတိကျကျ အကောင်အထည် ဖာ်နိုင်မယ့် ပါတီဖြစ်အောင် ကြိုးစားသွားမယ်" ဟု ဦးမင်းဇေယျာက ဆိုသည်။

လက်ရှိအချိန်တွင် ပါတီ၏ မူဝါဒများကို ရေးဆွဲနေပြီး နို၀င်ဘာ လကုန်ပိုင်းတွင် နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်များနှင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပါတီဖြစ်မြောက်ရေး ကော်မတီဝင်များ တွေ့ဆုံပြီး ပါတီအမည်၊ အလံ နှင့်ပါတီတံဆိပ်များကို ဆုံးဖြတ်အတည်ပြုမည်ဟု သိရသည်။

ယင်းနောက် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ပါတီအား မှတ်ပုံတင်သွားမည်ဖြစ်ပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင် စတင် ဆောင်ရွက် သွားနိုင်ရန် လျာထားသည်ဟု ဦးမင်းဇေယျာ၏ ပြောဆိုချက်အရသိရသည်။

"NLD ကို ဆန့်ကျင်ဖို့မဟုတ်ဘဲ အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက်  ထိထိရောက်ရောက် ပူးပေါင်းပါ၀င်ဖို့ ထူထောင်တဲ့သဘောပါ" ဟု ပါတီသစ်တည်ထောင်ရခြင်းနှင့်ပတ်သက်ပြီး ဦးမင်းဇေယျာက ဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ရုံးခန်းကို တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းဖွင့်ပွဲအခမ်းအနားကို   နိုင်ငံတကာသံတမန်များ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ တက်ရောက်ခဲ့သည်။

ပါတီ အသစ်အဖြစ် ထူထောင်မည့် သူများတွင် ၈၈ မျိုးဆက်ကျောင်းသားများသာမက အခြားနိုင်ငံရေး မျိုးဆက်များ၊ အဖွဲ့အစည်းများနှင့် လူငယ်အသင်းအဖွဲ့များ စသည့် နိုင်ငံရေး အင်အားစုများ ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။

အဆိုပါ ပါတီအပေါ် "၈၈ မျိုးဆက်တွေ ပါတီထောင်မယ် ပါတီနိုင်ငံရေးလုပ်မယ်ဆိုတာကို ကျွန်တော်တို့က ကြိုဆိုတယ်၊ အမြဲပြောနေတဲ့ စကားရှိပါတယ်။ ဘယ်အရာမှ အမြဲ အနိုင်ရတယ်ဆိုတာ မရှိပါဘူး၊ အပြောင်းအလဲလိုချင်တဲ့ ပြည်သူက ပြောင်းပြီးမဲပေးသွားတာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly