နိုင်ငံပိုင်အဆောက်အဦများ ပြန်သိမ်းရေးအဆို ရန်ကုန်တိုင်းလွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်

နိုင်ငံပိုင်အဆောက်အဦများ ပြန်သိမ်းရေးအဆို ရန်ကုန်တိုင်းလွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ။           ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရက်ပေါင်း ၂၃ ရက်ကြာဆွေးနွေးခဲ့သည့် နိုင်ငံပိုင်အဆောက်အဦနှင့် မြေကွက်များအား လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက  ပြန်လည်သိမ်းယူရန် အဆိုအား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ မှတ်တမ်းတင့်ထားသင့်ကြောင်း သဘောထားမှတ်ချက်ပေးပြီးနောက် လွှတ်တော်မှ မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"အခုကိစ္စသည် ပြည်ထောင်စုမှ ဆောင်ရွက်ရမည့်ကိစ္စများ အများစုပါဝင်နေသည့်အတွက်  အဆိုကို လွှတ်တော်မှ မှတ်တမ်းတင်ပေးပါရန် တင်ပြပါတယ်" ဟု ဒေါ်နီလာကျော်က တိုင်းလွှတ်တော်၌ ပြောဆိုခဲ့သည်။

ဝန်ကြီးဌာနများမှ လွှဲပြောင်းရယူထားသည့် အဆောက်အဦနှင့်မြေကွက်များ၌ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းနေသည့် အကြောင်းအရင်းမှန်ကို သေချာစွာ စိစစ်ပြီး ဆိုင်းငံ့ကာလတစ်ခု သတ်မှတ်သင့် ကြောင်း၊ သတ်မှတ်ကာလအတွင်း ဖော်ဆောင်နိုင်ခြင်းမရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ သဘောတူစာချုပ်များကို ရပ်ဆိုင်းပယ်ဖျက်ခြင်းများ ဆက်လက်ဆောင်ရွက်သင့်သည်ဟု ဒေါ်နီလာကျော်က ဆက်လက်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေး တင်သွင်းခဲ့သည့် "နိုင်ငံပိုင်အဆောက်အဦနှင့်မြေကွက်များအား လုပ်ငန်း လုပ်ကိုင်ရန် နည်းအမျိုးမျိုးဖြင့် ရယူထားပြီး အမှန်တကယ် လုပ်ဆောင်ခြင်းမရှိသည့် မြေကွက်နှင့် အဆောက်အဦများကို နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်းအဆို " ကို  လွှတ်တေ်ာကိုယ်စားလှယ် ၉ ဦး က ထောက်ခံဆွေးနွေးခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှတ်တမ်းတင်သင့်ကြောင်းသာ သဘောထား မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

"သက်ဆိုင်ရာအနေနဲ့ ဒီစာချုပ်တွေကို ပြန်လည်စစ်ဆေးဖို့လိုအပ်ပါတယ်၊ စာချုပ်ပါ အချက်တွေကျိုးပေါက်နေပြီ ဆိုရင် တည်ဆဲဥပဒေအရဆောင်ရွက်ရမယ့် အချိန်အခါကို ရောက်နေပြီးလို့ပဲ   ပြောချင်ပါတယ်" ဟု အဆို တင်သွင်းခဲ့သူ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

၂၀၁၂ခုနှစ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေသည် စီမံကိန်းလုပ်ဆောင်ခြင်း မရှိသည့် မြေကွက်နှင့် အဆောက်အဦများ အား ပြန်လည်သိမ်းယူနိုင်သည့် ဥပဒေလည်း ဖြစ်ပြီး ယခု လွှတ်တော်၌သာ မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly