ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သောမန္တလေး စျေးချိုတော်ဖြစ်လာရန် အရှိန်မြှင့်တင် ဆောင်ရွက်မည်

ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သောမန္တလေး စျေးချိုတော်ဖြစ်လာရန် အရှိန်မြှင့်တင် ဆောင်ရွက်မည်

 

မန္တလေး ဈေးချိုတွင် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခဲ့ရာ ယခုနှစ်ကုန်ပိုင်းတွင် ရာနှုန်းပြည့် ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သော ဈေးချိုတော်ဖြစ်လာရန် ယခုနှစ် နိုဝင်ဘာလ နှင့် ဒီဇင်ဘာလတို့တွင် အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ခွင့်မပြုဓာတုဆိုးဆေးကင်းစင်ရေး ဆောင်ရွက်ခဲ့ရာ (၂၀၁၆)ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလထိ နမူနာ (၁၄၅၄)ခု ကောက်ယူစစ်ဆေးခဲ့ရာ ခွင့်မပြုအရေအတွက် (၄၁၅)ခု ရှိခဲ့ပြီး ဆိုးဆေးတွေ့ရှိမှု (၂၈.၅၄)ရာခိုင်နှုန်းရှိခဲ့သည်။

'' ဈေးချိုမှာ ဒီနှစ်ထဲ စစ်ဆေးချက်ရလဒ်တွေအရ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး မျှစ် နဲ့ ငါးပိ မှာ ခွင့်မပြု ဓာတုဆိုးဆေး မတွေ့တာ (ဝ)ရာခိုင်နှုန်းထိ လျော့ချသွားပါပြီး၊ မျှစ်ဒိုင်တွေကလဲ ပူးပေါင်းပါဝင်မှု အားကောင်းတယ်၊ လူထုကလဲ ကျန်းမာရေးအသိပိုရှိလာပြီး အရောင်မပါတဲ့ မျှစ်တွေ လက်ခံစားသုံးလာကြတယ်၊ ဒီနှစ်ကုန် ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်သော ဈေးချိုတော်ဖြစ်လာဖို့ ကျန်ရှိနေတဲ့ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလတွေမှာ အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာပါ '' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

 (၂၀၁၇)ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလထိ နမူနာ (၁၄၀၉)ခု ကောက်ယူစစ်ဆေးခဲ့ရာ ခွင့်မပြုအရေအတွက် (၂၁၃)ခု ရှိခဲ့ပြီး ဆိုးဆေးတွေ့ရှိမှု (၁၅.၁၂)ရာခိုင်နှုန်းရှိခဲ့သည်။

(၂၀၁၆)ခုနှစ်အတွင်း (၉)လတာ စစ်ဆေးချက်ရလဒ် နှင့် (၂၀၁၇)ခုနှစ်အတွင်း (၉)လတာ စစ်ဆေးချက်ရလဒ် နှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ယခုနှစ်တွင် ခွင့်မပြု ဓာတုဆိုးဆေး တွေ့ရှိမှု အရေအတွက် (၂၀၂)ခု လျော့ကျသွားခဲ့ပြီး ဆိုးဆေးတွေ့ရှိမှု(၁၃)ရာခိုင်နှုန်းကျော် လျော့ကျခဲ့သည်။

'' ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်တဲ့ ဆိုင်တွေကို အသိအမှတ်ပြု ကဒ် ထုတ်ပေးဖို့ တိုင်းအစိုးရအဖွဲ့ နဲ့ FDA ရုံးချုပ်ကို တင်ပြသွားမှာပါ၊ တိုင်းအစိုးရအဖွဲ့ နဲ့ FDA ရုံးချုပ်က ခွင့်ပြုရင် အဲကိစ္စကို အကောင်အထည်ဖော်သွားမှာပါ၊ အသိအမှတ်ပြု ကဒ်တွေက သုံးကြိမ် စစ်ဆေးလို ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်ရင် ထုတ်ပေးမယ်။ ထပ်မံစစ်ဆေးတဲ့အချိန် ခွင့်မပြု ဓာတုဆိုးဆေး တွေ့ရင် အသိအမှတ်ပြု ကဒ်တွေကို ပြန်သိမ်းမှာပါ '' ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးခွဲ) ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

မန္တလေး ဈေးချိုတော် ဈေးရုံးတွင် (၂၀၁၇)ခုနှစ် အောက်တိုဘာ(၂၅)ရက် နံနက်(၁၀)နာရီတွင် ငရုတ်သီးမှုန့်၊ မျှစ်၊ ငါးပိ စသည့် ဈေးသည်များနှင့် တွေ့ဆုံ၍ နမူနာ ကောက်ယူစစ်ဆေးချက်ရလဒ်များအား ရှင်းလင်းပြောပြကာ ပူူပေါင်းဆောင်ရွက်ရန် ဟောပြောခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly