ရန်ကုန်၊ အောက်တိုဘာ ၂၁ ။ ။ အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်တစ်စီးသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့ ညနေပိုင်းက လာရောက်ခဲ့သည်။
စစ်ရေယာဉ် INS SHIVALIK (F-47) သည် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း၊ MITT တံတားသို့ အောက်တိုဘာ ၂၀ ရက်ညနေပိုင်းက ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ရေယာဉ်ကို သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် ကျော်ရွှေထွန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်များက သွားရောက်ကြိုဆိုခဲ့ကြကြောင်းသိရသည်။
INS SHIVALIK (F-47) တွင် စစ်ရေယာဉ်မှူးဖြစ်သူ Capt. R Vinod ဦးဆောင်သည့် အရာရှိ ၃၆ ဦးနှင့် စစ်သည် ၂ဝ၃ ဦးတို့ လိုက်ပါလာကြောင်း တပ်မတော်မှသတင်းထုတ်ပြန်သည်။
အဆိုပါ သင်္ဘောသည် မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂၀ မှ ၂၁ ရက်အထိ နှစ်ရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာစစ်တက္ကသိုလ်မှ ကိုယ်စားလှယ်ဖွဲ့ အိန္ဒိယရေတပ်အကယ်ဒမီ (INA) သို့ အောက်တိုဘာ ၁ ရက်ကစတင်ကာ ၇ ရက် က အလည်အပတ် သွားရောက်ခဲ့ပြီးနောက် အိန္ဒိယမှ ယခုလိုလာရောက်လည်ပတ်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်တွင် INA ရှိ အခြေခံအဆောက်အဦးများ၊ ပညာရပ်ပိုင်းဆိုင် ရာ အထောက်အပံ့ ပစ္စည်းများနှင့် လေ့ကျင့်ပုံနည်းစနစ်များကို လေ့လာခဲ့ကြောင်းသိရသည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နှစ်ဘက်ရေတပ်တွေအကြား ပူးပေါင်းကင်းလှည့်မှု၊ လေ့ကျင့်သင်ကြားမှု၊ လုပ်နိုင်စွမ်းအား တည်ဆောက်ခြင်းနှင့် လုပ်နိုင်စွမ်း အား တိုးတက်စေခြင်း လုပ်ဆောင်ချက်များနှင့် အတူ စစ်သင်္ဘောများ ရပ်နားမှု၊ ဖြတ်သန်းသွားလာမှု လုပ်ဆောင်မှုများ အထိ ပူးပေါင်းလုပ်ဆောင်ထား ခဲ့ကြကြောင်းလည်း အိန္ဒိယရေတပ်အကယ်ဒမီ က အောက်တိုဘာ ၇ တွင်သတင်းထုတ်ပြန်ထားသည်။