နာမည်ကျော်ဗြိတိန်အဆိုတော် အက်ဒ်ရှီရန်းသည် စက်ဘီးမတော်တဆဖြစ်မှုကြောင့် သူ၏လက်ကျိုးသွားခဲ့ သည့်အတွက် ရှိုးပွဲများ၌ သီဆိုဖျော်ဖြေနိုင်ခြင်းမရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သောစနေ၊တနင်္ဂနွေပိတ်ရက်က အက်ဒ်ရှီရန်းသည် စက်ဘီးနင်းနေစဉ်၌ အခြားကားတစ်စီးက ပွတ်တိုက်မိ ခဲ့သောကြောင့် ယခုလိုဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော့်ရဲ့ဆရာဝန်ကို သွားပြတဲ့အချိန်မှာ ကျနော့်ရဲ့ညာဘက် လက်ကောက်ဝတ်နဲ့ ဘယ်ဘက်တံတောင်ဆစ် အရိုးအက်သွားတယ်လို့ သိလိုက်ရပါတယ်” ဟု စာရေးသားကာ ကျောက်ပတ်တီးစီးထားသော သူ၏ လက်မောင်းပုံကို အင်စတာဂရမ်၌တင်ခဲ့သည်။
ထိုသို့မတော်တဆ ဒဏ်ရာရခဲ့သည့်အတွက် တိုင်ပေ၊ အိုဆာကာ၊ ဆိုးလ်၊ တိုကျိုနှင့် ဟောင်ကောင်မြို့တို့၌ ဖျော်ဖြေရန်စီစဉ်ထားသော သူ၏ရှိုးပွဲများကို ဖျက်သိမ်းလိုက်ရပြီဖြစ်သည်။
“ရှိုးပွဲတွေ ဖျော်ဖြေမလားဆိုတာကို ဆုံးဖြတ်ချက်မချခင်မှာ ကျနော်အရင်ဦးဆုံး ဒဏ်ရာအမြန်သက်သာလာဖို့ကို စောင့်ဆိုင်းနေပါတယ်။ ဒါကြောင့် နောက်ဆက်တွဲသတင်းတွေကို နားစွင့်ထားကြပါဦး” ဟု အက်ဒ်က ပြောခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ အဆိုတော်အက်ဒ်ရှီရန်းသည် ယခုနှစ်အတွင်း စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၌ အပါအဝင် အာရှမြို့ကြီးများ၌ ရှိုးပွဲ ၈ ခုသီဆိုရန်စီစဉ်ထားပြီး လက်မှတ်အားလုံးရောင်းချပြီးပြီဖြစ်ကြောင်း သိရ သည်။