ဦးဖြိုးကိုကိုတင့်ဆန်းသည် ပြည်ခိုင်ဖြိုးပါတီနှင့် ၂၀၁၂ မှစ၍ ဆက်စပ်မှုမရှိတော့ဟု ဆို

ဦးဖြိုးကိုကိုတင့်ဆန်းသည် ပြည်ခိုင်ဖြိုးပါတီနှင့် ၂၀၁၂ မှစ၍ ဆက်စပ်မှုမရှိတော့ဟု ဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ။          ။ လက်နက်များ၊ မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသည့် ဦးဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၂ မှ စတင်ကာ ပြည်ခိုင်ဖြိုးပါတီနှင့် ဆက်စပ်မှုမရှိကြောင်း  ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

"၂၀၁၂ ကြားဖြတ်မှာ သူ ပါတီကိုယ်စားပြုပြီး ဝင်ပြိုင်တယ်၊ ရှုံးတယ် ။ အဲ့ဒီအချိန်ကတည်းက ပြန်ထွက်သွားတာ ကျွန်တော်တို့ ပါတီနဲ့ ထိတေ့ွဆက်ဆံမှု အဲ့အချိန်ကတည်းက မရှိတော့ဘူး" ဟု ဒေါက်တာနန္ဒာလှမြင့်က မဇ္ဈိမသို့ပြောသည်။

ယခင် အစိုးရ လက်ထက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးတင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းသည် ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမန်းဂျော်နီ (ယခုဧရာဝတီတိုင်း ဝန်ကြီးချုပ်) နှင့် အပြိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက် နေပြည်တော်မှ ရန်ကုန်သို့ MNA လေကြောင်းဖြင့် လိုက်ပါမည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ(၂)ဦးထံမှ သေနတ်များ၊ ကျည်ဆံများနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို နေပြည်တော်လေဆိပ်တွင် ဖမ်းမိပြီးနောက်  ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Hotel ACE တွင် အောက်တိုဘာလ ၁၆ ရက်မနက်က ဆက်လက် ရှာဖွေရာ သေနတ်များ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် ရန်ကုန်မြို့ရှိ ACE ရုံးကို ယမန်နေ့က ညနေပိုင်းတွင် ဆက်လက်ရှာဖွေရာ M 16 သေနတ် ၂ လက် နှင့်ဆက်စပ်များ ၊ ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကြား ၁ ရပ်ကွက်ရှိ နေအိမ်ကိုဆက်လက်ရှာဖွေရာ ၅.၅၆  ကျည်ဆံ ၃ တောင့်အပါအဝင် ကျဉ်ကာအကျီၤများ တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ဦးဖြိုးကိုကိုတင့်ဆန်း ကို ဗဟန်းမြို့မရဲစခန်း မယ(ပ)၄၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး အာမခံမပေးထားကြာင်း ရဲတပ်ဖွဲ့ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly