ဝန်ကြီးဟောင်း၏ သားဖြစ်သူထံမှ သေနတ် ၉လက်နှင့် ကျည်(၈၉၂)တောင့် သိမ်းဆည်းရမိ

ဝန်ကြီးဟောင်း၏ သားဖြစ်သူထံမှ သေနတ် ၉လက်နှင့် ကျည်(၈၉၂)တောင့် သိမ်းဆည်းရမိ

နေပြည်တော်(အောက်တိုဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြီးခဲ့သည့် အစိုးရလက်ထက်က အားကစားဝန်ကြီးဖြစ်သူ ACE ကုမ္ပဏီဥက္ကဌ ဦးတင့်ဆန်း၏ သားဖြစ်သူ အသက် ၄၁နှစ်အရွယ် ဖြိုးကိုကိုတင့်ဆန်းထံမှ ပစ္စတို သေနတ် (၉)လက်နှင့် ကျည်(၈၉၂တောင့်နှင့် ဆက်စပ်ပစ္စည်းများအပါအဝင် စိတ်ကြွဆေးပြားတစ်ချို့ သိမ်းဆည်းရမိသည့်ဖြစ်စဉ် အောက်တိုဘာ ၁၅ရက်၊ ညဦးပိုင်းက ဖြစ်ပွားခဲ့သည်။

ရဲမှတ်တမ်းများအရ အောက်တိုဘာ ၁၅ရက်၊ ည ၇နာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

ထို့သို့ စစ်ဆေးစဉ် ဖြိုးကိုကိုတင့်ဆန်း၏ ပြောက်ကျားကျောပိုးအိတ်အတွင်းမှ “WY စိတ်ကြွဆေးပြား(၁၂)ပြား၊ ICE(၁.၅)ဂရမ်၊ သြစတြေးလျနိုင်ငံထုတ် ၉မမ ပစ္စတို (၂)လက် (သေနတ် နံပါတ် RPE-204၊ URS-352)၎င်းကျည်(၇၂)တောင့်၊ ကျည်အိမ်(၂)ခု၊ ဆက်သွယ်ရေးစက် (၃)လုံး(Wind Talker တရုတ်နိုင်ငံထုတ် ၁၊ KENWOOD တရုတ်နိုင်ငံ ထုတ် ၁၊ YAESU ဂျပန်နိုင်ငံထုတ် ၁)၊ Phyo Ko Ko Tin San(LS-609)အမည်ပါ လေဆာတုံး(၁)ခု၊ နိုင်ငံကူးလက်မှတ်စာအုပ်(၁)အုပ်၊ Drone အဝေးထိန်းယာဉ်(၁)ခု၊ မှန်ဘီလူး(၁)ခု(အိတ်ပါ)၊ ကင်မရာ(၆)လုံး၊ နာရီ(၁)လုံး၊ Wifi လွှင့်၍ အသုံးပြု သည့်စက်(၁)ခု၊ Memory Stick မျိုးစုံ(၁၅)ခု၊ ဖုန်း(၃)လုံးတို့နှင့် ၎င်းတို့(၃)ဦး စီးနင်းလာသော YGN-×××× HUMMER ယာဉ်(၁)စီး(ယာဉ်လိုင်စင် စိစစ်ဆဲ)” အား သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သိမ်းဆည်းရမိစဉ် ဖြိုးကိုကိုတင့်ဆန်းမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည့် လက္ခဏာ တွေ့ရှိရသည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က အောက်တိုဘာ ၁၆ရက်၊ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောဆိုသည်။

“ဖြိုးကိုကိုတင့်ဆန်းကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လက္ခဏာရှိတယ်။ မနေ့ကညက ဆေးစစ်တာတို့၊ ဘာတို့ လုပ်ပါတယ်။ ကုတင်တစ်ထောင်မှာ ဆေးသွားစစ်တယ်။ ပစ္စည်းတွေသိမ်း၊ ဆေးစစ်ပြီးတော့ အခုလောလောဆယ်တော့ သူ့ကို ထိန်းသိမ်းပြီးတော့ စစ်ကြောနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ထို့နောက် ၎င်းပိုင်ဆိုင်သည့် Hotel ACE သို့ ဝင်ရောက်ရှာဖွေရာတွင် ဖြိုးကိုကိုတင့်ဆန်း၏ အခန်းအတွင်းရှိ သံဘီဒိုအတွင်းမှ “လက်ဆွဲအိတ်(၂)လုံး၊ နံပါတ် G045619၊ P.22 Walther ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် DAA 490066 Beretter.22 ပစ္စတို(၁)လက် (ကျည်အိမ်တပ်)၊ နံပါတ် A270651 Luger Cz 75D ပစ္စတို(၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် PX 32726 Beretter 9MM ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ နံပါတ် 333-54070 Ruger 9MM Prescott Az ပစ္စတို (၁)လက်(ကျည်အိမ်တပ်)၊ ပေါင်းပစ္စတို(၅)လက်၊ 9MM Luger ကျည်(၆၃၈)တောင့်၊ M16 ကျည်(၂၀)တောင့်၊ ၎င်းကျည်အိမ်(၂)ခု၊ 7.65 MM(32 Auto)ကျည် (၁၃၆)တောင့်၊ .22ကျည်(၁၀) တောင့်၊ ကျည်အိမ်အလွတ်(၇)ခု(ရောရာ)၊ M16 လက်ကိုင်ကွင်း(၁)ခု၊ ပစ္စတိုအိတ်အနက်ရောင် (၅)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်၊ စနိုက်ပါမှန်ပြောင်း(၁)လက်” တွေ့ရှိရသည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

ထို့အပြင် ရုံးအဖွဲ့နှစ်ဦး နေထိုင်သောအခန်းအား ဆက်လက်ရှာဖွေရာ “လက်ဆွဲအိတ်(၃)လုံး၊ LLB-170 9MM Glock ပစ္စတို(၁)လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၁၂)တောင့်၊ Glock Ges.M.b.H ပစ္စတို(၁) လက်(ကျည်အိမ်တပ်လျက်)၊ ၎င်းကျည်(၄)တောင့်” အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် လေဆိပ်နှင့် ဟိုတယ်အခန်းအတွင်း သိမ်းဆည်းရမိမှု စုစုပေါင်းမှာ ပစ္စတို(၉)လက်၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်နှင့် စနိုက်ပါမှန်ပြောင်း(၁)လက်တို့ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly