အောက်တိုဘာ ၁၀ ။ ။ ဥရောပကောင်စီ ပါလီမန်ညီလာခံ PACE မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ တူရကီတို့ အဆိုပြုခဲ့ပေမယ့် ယမန်နေ့က ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ တူရကီ ကိုယ်စားလှယ်အဖွဲ့က တင်ပြလာတဲ့ ယင်းအဆိုပြုချက်ကိုတော့ ညီလာခံဗျူရိုက ပယ်ချခဲ့တာဖြစ်ကြောင်း စထရာဘော့ဂ်မြို့မှာ ပြုလုပ်တဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ PACE ရဲ့ ခေတ္တဥက္ကဌ Roger Gale က ပြောပါတယ်။
မြန်မာနိုင်ငံမှာ မွတ်ဆလင်လူနည်းစုဖြစ်တဲ့ ဘင်္ဂါလီ အသိုင်းအဝိုင်းကို အစိုးရက ဖိနှိပ်နေတယ်ဆိုပြီး တူရကီတို့က ယင်း ညီလာခံမှာ ဆွေးနွေးဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယခု PACE ညီလာခံမှာတော့ စပိန်ရဲ့ ကတ်တလန် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ကိစ္စနဲ့ ယူကရိန်းရဲ့ ပညာရေးဥပဒေသစ် နဲ့ပတ်သက်လို့ပဲ ဆွေးနွေးသွားဖို့ သဘောတူခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ နောက်ပိုင်း မြန်မာ့တပ်မတော်ရဲ့ ဘင်္ဂလီ စစ်သွေးကြွတွေအပေါ် ထိုးစစ်ဆင်ဆောင်ရွက်မှုတွေ စလုပ်ခဲ့ချိန်ကစလို့ ဘင်္ဂါလီ မွတ်ဆလင် ၅၁၅,၀၀၀ လောက် မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးထားခဲ့ပြီးဖြစ်တယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။