ကျောက်ဆည်ဆင်ပွဲတွင် ဆင်အစီး ၁၀၀ ကျော် ကပြဖျော်ဖြေကာ ပြိုင်ပွဲဝင်ဆင်၂၄ စီး ယှဉ်ပြိုင်

ကျောက်ဆည်ဆင်ပွဲတွင် ဆင်အစီး ၁၀၀ ကျော် ကပြဖျော်ဖြေကာ ပြိုင်ပွဲဝင်ဆင်၂၄ စီး ယှဉ်ပြိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ် ကျင်းပလျက်ရှိသော ကျောက်ဆည်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာလ ၄ ရက် နံနက် ၁၀ နာရီက ဖွင့်ပွဲကျင်းပခဲ့ရာ ဆင် အစီး ၁၀၀ ကျော် ကပြဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင်ဆင် ၂၄ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

'' ဆင်အဖွဲ့တွေက ဆုရဖို့ထက် ဆင်ပွဲတော်ကြီး စည်းကားဖို့ ဆင်အကနဲ့ ဒေသရဲ့ဂုဏ်ကိုလည်း မြှင့်တင်ပေးနိုင်ဖို့ နိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ဖို့ ပါဝင်ယှဉ်ပြိုင်ကြတာပါ '' ဟု ကိုးမြေဂုဏ်ဆောင် ရွှေဇင်မောင် ဆင်အဖွဲ့မှ ဦးစိုးရွှေက ပြောသည်။

ကျောက်ဆည်ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ယခုနှစ် ကျောက်ဆည်ဆင်ပွဲလာယာဉ်များ ယာဉ်ကြောကြပ်တည်းမှု မဖြစ်ပေါ်ရေးအတွက် ကျောက်ဆည်-မြစ်သား လမ်းမအား ဆိုင်ကယ်များသာ ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကုန်တင်ကားများ နှင့် အိမ်စီးကားများအား မြို့တွင်းလမ်းမှာ ဖြတ်သန်းခွင့်ပြုခဲ့ခြင်းကြောင့် ယခုနှစ်တွင် ယာဉ်ကြောရှုပ်ထွေးမှု မဖြစ်ပေါ်ခဲ့ကြောင်း ကျောက်ဆည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးရာအငယ်တန်း(ကလေးဆင်)တွင် (၁)မင်းဇာနည်(မင်းရပ်)၊ (၂)ခန့်မှူးပိုင်(မြင်းကဘတ်ရွာ)၊ (၃)မင်းကျန်စစ်(ရွာသစ်ရပ်)၊ (၄)မျိုးချစ်ရင်သွေး(အောက်ချိုင်း)တို့ကလည်းကောင်း၊ ဘော်ကြယ်တန်းတွင် (၁)ရွှေဇင်မောင်(ထန်းဇင်တော်ရွာ)၊ (၂)ဉာဏ်လင်းထက်(ဆူးကုန်းရပ်)၊ (၃)ဧရာမိုး(မြင်စိုင်းရပ်)တို့က လည်းကောင်း၊

ရိုးရာအကြီးတန်းတွင် (၁)ပိတောက်မြိုင်၊ (၂)လှယဉ်ကျေး၊ (၃)မျိုးဆက်သစ်၊ (၄)မြတ်ဂုဏ်ရောင်၊ (၅)ရွှေချိုင်းမောင်၊ (၆)မြင်စိုင်းဇာနည်၊ (၇)မင်းရွှေဆည်၊ (၈)ရွှေမောင်မောင်၊ (၉)ဒို့မဟာ၊ (၁၀)လှရွှေဆည်၊ (၁၁)ဇာနည်ဘွား၊ (၁၂)ဂရုဏာရှင်၊ (၁၃)ပဏ်၊ (၁၄)မင်းမြန်မာ၊ (၁၅)ဇင်လင်းဖြိုး၊ (၁၆)နောက်တိုးတို့က လည်းကောင်း စုစုပေါင်း ပြိုင်ပွဲဝင်ဆင် (၂၄)စီး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြိုင်ပွဲအတန်းတစ်တန်းလျှင် ပြိုင်ပွဲဝင်ဆင်အရေအတွက်(၅)စီး မပြည့်ပါက ဆုပေးရွေးချယ်မည်မဟုတ်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီက စည်းကမ်းသတ်မှတ်ထားသော်လည်း   ဒေသခံများ၏   တောင်းဆိုမှုကြောင့် ယခုနှစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဆင် ၃ စီးရှိသော ဘော်ကြယ်တန်း ရှိရာ ပြိုင်ပွဲအတန်း(၁)တန်းအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း   ကျောက်ဆည်မြို့ခံများက ဆိုသည်။

၂၀၁၇ ခုနှစ်၊ ဆင်လှူပွဲတော်၌ ရိုးရာအကြီးတန်း (ရိုးရာဆင်)ပြိုင်ပွဲတွင် ပထမဆု (၁၀)သိန်း၊ ဒုတိယဆု (၈)သိန်း၊ တတိယဆု (၆)သိန်း၊ ဘော်ကြယ်တန်း (ဘော်ကြယ်ဆင်)ပြိုင်ပွဲတွင် ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု (၄)သိန်း၊ ရိုးရားအငယ်တန်း (ကလေးဆင်)ပြိုင်ပွဲတွင် ပထမဆု (၆)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိယဆု (၂)သိန်း စသည့်ဖြင့် သတ်မှတ်ခဲ့သည်။

ကမ္ဘောဇဘဏ် (ကျောက်ဆည်)မှ ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီ သတ်မှတ်ထားသော ဆုကြေးအတိုင်း ထပ်မံချီးမြှင့်မည်ဖြစ်သဖြင့် ရိုးရာအကြီးတန်း (ရိုးရာဆင်)ပြိုင်ပွဲတွင် ပထမဆု (၂၀)သိန်း၊ ဒုတိယဆု (၁၆)သိန်း၊ တတိယဆု (၁၂)သိန်း၊ ဘော်ကြယ်တန်း (ဘော်ကြယ်ဆင်)ပြိုင်ပွဲတွင် ပထမဆု (၁၆)သိန်း၊ ဒုတိယဆု (၁၂)သိန်း၊ တတိယဆု (၈)သိန်း၊ ရိုးရားအငယ်တန်း (ကလေးဆင်)ပြိုင်ပွဲတွင် ပထမဆု (၁၂)သိန်း၊ ဒုတိယဆု (၈)သိန်း၊ တတိယဆု (၄)သိန်း စသည့်ဖြင့် ဆုချီးမြှင့်မည်ဖြစ်သည်။

ရိုးရာဆင်များအတွက် အထူးဆုကို ဆင်ပြိုင်ပွဲ ကျင်းပရေးကော်မတီမှ ငါးသိန်းကျပ် နှင့် ကမ္ဘောဇဘဏ် (ကျောက်ဆည်)မှ ငါးသိန်းကျပ် စုစုပေါင်း (၁၀)သိန်းကျပ် ချီးမြှင့်မည်ဖြစ်သည်။

(၂၀၁၆)ခုနှစ် ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ရိုးရာအငယ်တန်း (ကလေးဆင်) (၅)စီး ၊ ဘော်ကြယ်တန်း (၆)စီး ၊ ရိုးရာအကြီးတန်း (၁၆)စီး စုစုပေါင်း ပြိုင်ပွဲဝင်ဆင် (၂၇)စီးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly