မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အငြိမ့်အဖွဲ့များမှ ဖျော်ဖြေပွဲများ ပြုလုပ်မည်

မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အငြိမ့်အဖွဲ့များမှ ဖျော်ဖြေပွဲများ ပြုလုပ်မည်

 

ရန်ကုန် ၊ အောက်တိုဘာ ၃။             ။ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အငြိမ့်အဖွဲ့များ ဖြစ်သည့် ဇွဲ အငြိမ့် ၊ ခေတ်သစ်ကြေးမုံ အငြိမ့် နှင့် ရွှေညာမြေမှ ကြယ်ပွင့်ကလေးများအငြိမ့် အဖွဲ့တို့ မှ အောက်တိုဘာလမှ စတင်ပြီး ရန်ကုန် မြို့ရှိ မြို့နယ် ပေါင်း ၄၅မြို့ နှင့် မန္တလေးမြို့တွင် အငြိမ့် ဖျော်ဖြေပွဲများ အဖြစ် ကပြဖျော်ဖြေသွားမည် ဖြစ်သည်။

ဆုရရှိသည့် အငြိမ့် အဖွဲ့များ၏ အငြိမ့် ဖျော်ဖြေမှုကို အောက်တိုဘာ ၄ရက် ၌ ရန်ကုန်မြို့ရှိ ရေကျော် မီးထွန်းပွဲတော်မှ စတင်မည် ဖြစ်ပြီး မြို့နယ်ပေါင်း ပေါင်း ၄၅မြို့ တွင် သြင်္ကန် မတိုင်မီကာလအထိ ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

အပတ်စဉ် သောကြာ နှင့် စနေနေ့များတွင် အငြိမ့်အဖွဲ့ နှစ်ဖွဲ့မှ မြို့နယ် နှစ်နေရာတွင် ကပြဖျော်ဖြေမည် ဖြစ်ပြီး ရန်ကုန်အပြင် မန္တလေးမြို့တွင်လည်း တန်ဆောင်တိုင်ပွဲတော် ကာလမှ စတင်ပြီး ဖျော်ဖြေမှုများ ပြုလုပ် သွားမည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန မှ ကြီးမှူးပြီး Forever Group Co.,Ltd မှ စီစဉ်တင်ဆက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲ နောက်ဆုံးပြိုင်ပွဲ နှင့် ဆုပေးပွဲကို စက်တင်ဘာ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအငြိမ့် နောက်ဆုံးပြိုင်ပွဲတွင် အဖွဲ့လိုက်ဆု ပထမဆုကို ဇွဲ အငြိမ့်အဖွဲ့မှ ရရှိခဲ့ပြီး ၊ ဒုတိယဆု ကို ခေတ်သစ်ကြေးမုံ အငြိမ့်အဖွဲ့ ၊ တတိယဆုကို ရွှေညာမြေရဲ့ ကြယ်ပွင့်များ အငြိမ့်အဖွဲ့တို့မှ အသီးသီး ဆုများ ရရှိခဲ့ပြီး အထူးဆုများဖြစ်သည့် အကောင်းဆုံးဆိုင်းအဖွဲ့ဆုကို ခေတ်သစ်ကြေးမုံအငြိမ့်အဖွဲ့ ၊ အကောင်းဆုံး မင်းသမီးဆုကို ရွှေညာမြေမှကြယ်ပွင့်မျာ အငြိမ့်အဖွဲ့ ၊ တေးသီချင်းဆုကို   မော်ဒယ်ဟားအဖွဲ့မှ တေရေးဆရာ မန္တလေးသား သူရ ၊ လူရွှင်တော်ဆု နှင့် မျိုးဆက်သစ်ဆု တို့ကို ဇွဲအငြိမ့် တို့က ရရှိခဲ့ကြသည်။

ထိုဆုရ အငြိမ့်အဖွဲ့များ၏ အငြိမ့်ဖျော်ဖြေမှု အပြင် မင်းသမီး ဝင်းသပြေထွန်း နှင့် သီးလေးသီး အငြိမ့် အဖွဲ့မှလည်း အောက်တိုဘာ ၁၅ ရက် ၊ ၁၆ ရက် ၊ ၁၇ ရက် ၊ ၁၈ရက် တို့တွင် ကျောက်ဆည် ၊ မြစ်သား ၊ ဝမ်းတွင်း ၊ မိတ္ထီလာ တို့တွင် အခမဲ့ အငြိမ့်ပွဲများ ကပြ ဖျော်ဖြေကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly