အသက် ၉လမှ ၁၅နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးမည်

အသက် ၉လမှ ၁၅နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးမည်
လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း အသက် ၉လမှ ၁၅နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးမည် ဖြစ်သည်။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံအဝှမ်းရှိ အသက် ၉လမှ ၁၅နှစ်အရွယ်ရှိ ကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယခုနှစ်ကုန်ပိုင်းတွင် စီမံချက်တစ်ရပ်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ဆောင်သွားမည်ဖြစ်သည်။

အသက် ၅နှစ်မှ ၁၅နှစ်အထိ ကလေးများကို လာမည့် နိုဝင်ဘာ ၁၅ရက်မှ ၂၃ရက်အထိနှင့် အသက် ၉လမှ ၅နှစ်အထိ ကလေးများကို ဒီဇင်ဘာ ၁၁ရက်မှ ၂၀ရက်အထိ ကာကွယ်ဆေးထိုးနှံပေးရန် အစိုးရက သတ်မှတ်ထားသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူများအနက် (၂၀)ရာခိုင်နှုန်းမှ (၃၀)ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပြီး အသက်ရှင်သန်သူများတွင်လည်း (၃၀)ရာခိုင်နှုန်းခန့်မှာ အကြောသေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများအပါအဝင် ပြင်းထန်သော ဦးနှောက်ပျက်စီးခြင်းကဲ့သို့ ဆိုးကျိုးများ ခံစားရလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုမှာ ၅နှစ်အတွင်း သိသိသာသာမြင့်တက်လာသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၂ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၁၄ဦး ရှိခဲ့ရာမှာ ၂၀၁၆ခုနှစ်တွင်မူ ၃၆၃ဦးအထိ များပြားလာခဲ့သည်။

၂၀၁၆ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အားလုံးတို့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ရှမ်းပြည်နယ်(မြောက်)နှင့် ဧရာဝတီတိုင်းတို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်ပင်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အကြံပြုထားသည်။

ရှေးဦး လက္ခဏာများ

ဖျားခြင်း၊ တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများဖြစ်ပြီး ပုံမှန်အားဖြင့် (၁)ရက်မှ (၆)ရက်အထိ ဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံ (၁၄)ရက်အထိ ကြာတတ်သည်။

လတ်တလော ဦးနှောက်ရောင်သောအဆင့်

ရောဂါစဖြစ်ချိန် ၃ရက်မှ ၅ရက်မြောက် နေ့များအတွင်း ဖြစ်လေ့ရှိပြီး လက္ခဏာများမှာ ဆက်တိုက် ဖျားနေပြီး လူနာ၏ သတိနှင့် သိစိတ် ပြောင်းလဲလာသည်။ စိတ်အာရုံခံစားမှု မကြည်မလင်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ရှုပ်ထွေး၍ ဝေခွဲမရဖြစ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ပတ်ဝန်းကျင်ကို စိတ်မဝင်စားတော့ဘဲ တစ်ချိန်လုံး ငိုက်မြည်းလာခြင်းနှင့် အခြေအနေ ပိုမိုဆိုးရွားလာပါက တက်ခြင်း၊ ကြွက်သားများ တောင့်တင်းလာခြင်း၊ မျက်နှာအကြောများ တင်းလာပြီး ပုံမှန် မျက်နှာ်အမူအယာဖြင့် ပြသနိုင်ခြင်း မရှိတော့ခြင်း၊ စကားပြောသည့်အခါ လျှာလေးနေခြင်း၊ ခန္ဒာကိုယ်မှ အကြောများ ကုတ်ခြင်း၊ အရည်ခမ်းခြောက်မှုခံစားရခြင်းတို့ ဖြစ်နိုင်သည်။

နောက်ဆုံးအဆင့်

ထိုအဆင့်တွင် ပြန်လည်ကောင်းမွန်လာနိုင်သည် (သို့မဟုတ်) ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်သည့်ဒဏ် ကျန်ရစ်ခဲ့တတ်သည်(ဥပမာ- စကားပြောသည့်အခါ အသံလေး၍ မပီသခြင်း၊ အသံမထွက်တော့ခြင်းနှင့် ကိုယ်အင်္ဂါ မသန်စွမ်းတော့ခြင်းတို့ ဖြစ်တတ်သည်)။ လူနာသည့် အသက်မသေဘဲ ပြန်လည်ကောင်းမွန်လာသော်လည်း ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ချို့ယွင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများမှာ စွဲမြဲစွာ ကျန်ခဲ့လေ့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly