မောင်တောခရိုင် ဘင်္ဂါလီရွာတချို့ရှိ ကျောင်းများမှာ ပြန်ဖွင့်နိုင်မည့်အခြေအနေ ရှိဦးမည်မဟုတ်

မောင်တောခရိုင် ဘင်္ဂါလီရွာတချို့ရှိ ကျောင်းများမှာ ပြန်ဖွင့်နိုင်မည့်အခြေအနေ ရှိဦးမည်မဟုတ်

ရန်ကုန်၊ အောက်တိုဘာ ၁ ။             ။ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောခရိုင်၊ ဘင်္ဂါလီရွာတချို့ရှိ ကျောင်း ၂၀၀ ခန့်မှာ ပြန်ဖွင့်နိုင်သည့် အခြေအနေတွင်ရှိမည်မဟုတ်ဟု မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်က ပြောဆိုလိုက်သည်။

“ မောင်တောကလည်း ၁၀၀ လောက်၊ ဘူးသီးတောင်ကလည်း ၁၀၀ လောက် နောက်ပိုင်းဆိုရင် မဖွင့်နိုင်လောက်တဲ့ အခြေအနေမှာ ရှိမှာပဲ။ မဖွင့်နိုင်တဲ့အခြေအနေမှာ ရှိမယ်လို့ ယူဆရတာပဲလေ။ ဘင်္ဂါလီရွာ တွေမှာက  လူမှမရှိတော့တာပဲကို။ ပြန်ဝင်လာလည်း အဲ့ဒီရွာတွေက ပြန်ဆောက်လို့ရမှာမဟုတ်ဘူး  “ ဟု မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်က ပြောသည်။

ဘင်္ဂါလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသောကြောင့် ဘင်္ဂါလီရွာတချို့တွင် နေထိုင်သူမရှိသည့်အပြင် အချို့ရွာများမှာ ပျက်စီးနေသောကြောင့် ကျောင်းပြန်ဖွင့်ရန် ခက်ခဲနိုင်ကြောင်း ဆိုသည်။

လက်ရှိ မောင်တောမြို့တွင် အစိုးရကျောင်း ၁၇ ကျောင်းနှင့် ပရဟိတကျောင်း ၃ ကျောင်း ဘူးသီးတောင်တွင် ၂၀ ကျောင်း ၊ စုစုပေါင်း ကျောင်း ၄၀ ခန့် ပြန်လည်ဖွင့်လှစ်ထားကြောင်း သိရသည်။

ယခု ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၄၀ တွင် တက်ရောက်သင်ကြားနေသူအားလုံးမှာလည်း တိုင်းရင်း သားများသာဖြစ် ပြီး ဘင်္ဂါလီရွာမှ ကျောင်းသားများ မပါဝင်သေးကြောင်း ဦးအုန်းမြင့်က ဆိုသည်။

အဆိုပါကျောင်းများတွင် ကျောင်းသား အင်အား ၈ ထောင်ခန့်နှင့် ဆရာ/ ဆရာမ အင်အား ၁၅၀၀ ခန့် ရှိနေကြောင်း မောင်တောခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်း ၁၈၃ ကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ၂၂၁ ကျောင်းနှင့် ရသေ့ တောင်မြို့နယ်ရှိ ကျောင်း ၂၀ အားလုံး စုစုပေါင်း ၄၂၄ ကျောင်းကို ရက်အကန့်အသတ် မရှိ ပိတ်ထားခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျောင်းများပိတ်ထားရပြီး အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေ ခန့်မှန်းချေ တစ်သိန်းခွဲခန့် ရှိနေကြာင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly