ရန်ကုန် ၊ စက်တင်ဘာ ၃၀ ။ ။ဘဝမှာ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ရှိအောင် ကြိုးစားအားထုတ်သွားမယ်လို့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း ပြောဆိုလိုက်ပါတယ်။
"ကျွန်တော့်ရဲ့ ပန်းတိုင်တစ်ခုကိုရောက်ဖို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ သေချာ ယုံကြည်ထားပါတယ်။အဲ့ဒါကလည်း ကျွန်တော်ရဲ့ ယုံကြည်မှုနဲ့ ရင်ထဲအသည်းထဲက ဖြစ်ချင်စိတ်တွေကို လိုလိုလားလားနဲ့ သေချာလုပ်ရင် ဘယ်အရာကိုမဆို အောင်မြင်နိုင်တယ်ဆိုတာ ကျွန်တော်တစ်ယောက်ထဲအတွက်တင်သာမကပါဘူး အားလုံးအတွက်လည်း မှန်ကန်လိမ့်မယ် လို့ ယုံကြည်ပါတယ်" လို့ အောင်လအန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။
ဒါအပြင် အောင်လအန်ဆန်က " ကြိုးစားအားထုတ်မှုတွေအတွက် ဘုရားသခင်က ကောင်းချီးပေးပါလိမ့်မယ်ဗျ၊ နောက်ပြီး သူတစ်ပါးကို မကောင်းပြောနေမယ့်အစား အဲ့ဒီအချိန်တွေကို ကိုယ့်ဘဝအတွက် ကောင်းအောင်ကြိုးစားကြပါဗျာ" သူရဲ့ လူမှုကွန်ယက်စာမျက်နှာက ပရိတ်သတ်ကို တိုက်တွန်းပြောဆိုထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း နဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီတို့ဟာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ အထူးငါးချီစိန်ခေါ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး ဂါလာနီ က လွယ်လွယ်နဲ့ အနိုင်ယူလို့မရတဲ့ ယှဉ်ပြိုင်ဖက်လို့ ပြောလိုက်ပြီး သူ့ဘဝအတွက် သမိုင်းဝင်မယ့် ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ အောင်လအန်ဆန်က ပြောဆိုထားပါတယ်။
"ကျွန်တော်ကတော့အဲ့ဒီ Alain ဆိုတဲ့ Heavy Weight ကြီးနဲ့ ထိုးရမှာကို တကယ် စိတ်လှုပ်ရှားမိပါတယ်၊ ဒီတော့ဒီဘဲကြီးနဲ့ ဖိုက်ဖို့ ကျွန်တော့်ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်လေ့ကျင့်ကြိုးစားရင်း ကြိုတင်ပြင်ဆင်နေပါတယ်" လို့ အောင်လအန်ဆန်က ဆိုပါတယ်။
အောင်လအန်ဆန်နဲ့ ထိုးသတ်မယ့် ဟောင်ကောင်ကိုယ်စားပြု နိုက်ဂျီးရီးယားဖိုက်တာ ဂါလာနီ (Alain Ngalani) က MMA ၇ ပွဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံးနိမ့်ထားပြီး လျင်မြန်တဲ့ ခြေကန်ချက်တွေကြောင့် ပြိုင်ဘက်တွေ သတိထားကြရတဲ့ သူတစ်ယောက်ပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကမှ ဂျာကာတာမှာ ပြိုင်ဘက်လက်ဝှေ့သမားဆီကီနီကို ၁၁ စက္ကန့်ဖြင့် ဂါလာနီ က အလဲထိုးခဲ့ပြီး One Championship ရဲ့ ဟဲဗီးဝိတ်ပြိုင်ပွဲသမိုင်းမှာ အမြန်ဆုံးပွဲသိမ်းနိုင်တဲ့ စံချိန်တင်ပွဲ တစ်ပွဲဖြစ်ခဲ့ပါတယ်။
One Championship ဟဲဗီးဝိတ်ချန်ပီယံ ဂါလာနီက အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး ကစ်ဘောက်ဆင်၊ ဂျူဂျစ်ဆု၊ ကရာတေးနဲ့ ဂျူဒို ပညာရပ်များကို ကျွမ်းကျင်သူပါ။ ဒါအပြင် မွေထိုင်းချန်ပီယံဆုကို လေးကြိမ် ရရှိထားသူလည်း ဖြစ်ပါတယ်။