မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန်ကျန်သည့် မိုင် ၄၀ အတွက် သွားရန်လမ်းပင်မရှိသေးဟုဆို

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန်ကျန်သည့် မိုင် ၄၀ အတွက် သွားရန်လမ်းပင်မရှိသေးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။          ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရန် ကျန်ရှိသည့် မိုင် ၄၀ အတွက်  အစိုးရမှ လုပ်ဆောင်နေသော်လည်း လတ်တလောတွင် အဆိုပါ နေရာ သို့ သွားရန်လမ်းပင်မရှိသေးကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

“ မြေပြင်ကွင်းဆင်းကြည့်တဲ့အနေအထားအရ ဆောင်ရွက်ရန်ကျန် မိုင် ၄၀ လောက်ရှိတယ်ပေါ့။ အဲ့နေရာက အမှန်အတိုင်းပြောရလို့ရှိရင် ကျောက်တောင်တွေ၊ ကျောက်ကပါးတွေ လျှိုမြောင်တွေရှိတဲ့နေရာပေါ့။ လူတွေတောင်မှ အလွယ်တကူ သွားလို့မရတဲ့နေရာပေါ့ “ ဟု ၎င်းကပြောသည်။

အဆိုပါကျန်ရှိသည့် နယ်စပ် မိုင် ၄၀ သည် မေယုတောင်တန်းနှင့် ထိစပ်နေသည့်နေရာဖြစ်ကြောင်းလည်းသိရသည်။  လက်ရှိ  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်  ပေါက်ပြဲနေသည့် မိုင်တိုင်အမှတ် ၃၀ မှ ၄၇ အထိကိုလည်း ဖာထေးခြင်းများပြုလုပ်သွားရန်ရှိနေပြီး အဆိုပါနေရာများသည် သွားရောက်ရန် အဆင်ပြေသည့်နေရာများဖြစ် ကြောင်း ဦးစိုင်းထွန်းညိုကပြောသည်။

“ အဲ့ဒီမှာ နှစ်ပိုင်းဖြစ်သွားမှာပေါ့ လုပ်ပြီး သားခြံစည်းရိုးအပိုင်းမှာမှ ပြန်ပြင်ရမှာ တွေရှိမယ်။ လုပ်ပြီးသားခြံစည်းရိုးတွေကို ပြန်ပြင်တဲ့နေရာမှာ ဦးစားပေးလုပ်မှာလား။ ဆောင်ရွက်ရန်ကျန်မိုင် ၄၀ ကိုလုပ်မှာလား။ ဘယ်ဟာကို ဦးစားပေးမလည်းဆိုတာကတော့ သက်ဆိုင်ရာဌာနတွေက ကွင်းဆင်းကြည့်ပြီးမှ ဆုံးဖြတ်ရမှာပေါ့ “ ဟု ဦးစိုင်းထွန်းညိုက ကပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးကာရန် ကျန်ရှိသည့် မိုင် ၄၀ အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် တာဝန်ယူဆောင်ရွက်နေပြီး  စက်တင်ဘာလအတွင်း သမ္မတမှဖွဲ့စည်ပေးခဲ့သည့် “ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင် ရွက်ရေးကော်မတီ “ မှလည်း ကွင်းဆင်းလေ့လာနေကြောင်းသိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခဲ့ခြင်းမရှိပေ။

အစိုးရအနေဖြင့်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကာရန်ကျန်ရှိသည့် မိုင် ၄၀ အတွက် ငွေကျပ် ဘီလီယမ် ၂၀ ခန့်ကို ချပေးထားသည်ဟုသိရကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုကဆိုသည်။

နယ်စပ်တစ်လျှောက် ၁၆၀ ခန့်အရှည်ရှိပြီး ရေမိုင်အနေဖြင့် (နတ်မြစ်) မိုင် ၅၀ခန့်ရှိကာ ခြံစည်းရိုးခတ်ရန် မိုင် ၄၀ ခန့်ကျန်ရှိနေခြင်း ဖြစ်ကြောင်းသိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ခြံစည်းရိုးများကို ပြည်ထဲရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် ၂၀၀၈ ခုနှစ်ခန့်မှ စတင်ကာ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ယူကာ ခြံစည်းရိုးခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly