လပွတ္တာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဆွဲကြိုးချသေဆုံး

လပွတ္တာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဆွဲကြိုးချသေဆုံး

ပုသိမ် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံထားရသူ ဦးတင်ထွန်းမှာ သြဂုတ်လ၁၄ရက်၊ နံနက်၄နာရီတွင် မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

လပွတ္တာမြို့၊ အမှတ်၁၀ ရပ်ကွက်၊ အောင်ဇေယျလမ်းနေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှတ်၂ မဲဆန္ဒနယ် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဦးတင်ထွန်းမှာ သူ၏ နေအိမ်တွင် သေဆုံးမှုဖြစ်ပွားခဲ့သည်။

"ဆရာ တာဝန်ထမ်းဆောင်ဖို့ အားကြိုးမာန်တက်ဆောင်ရွက်နေတာပါ၊ မနေ့က စည်းရုံးရေးခရီးပြန်လာတော့ အကောင်းကြီးပဲ၊ မိသားစုမှာလည်း စီးပွားရေးလူမှုရေးပြဿနာလည်းမရှိဘူး၊ ကြီးလေးတဲ့တာဝန်ယူထားလို့ ဆရာ အရက်ကို ယတိပြတ်ဖြတ်ချလိုက်တယ်၊ အရက်ဖြတ်လိုက်လို့ စိတ်ဖိစီးမှုဖြစ်သွားတဲ့ သဘောပါ၊ ပြည်သူအတွက်စဉ်းစားပြီးဖြတ်လိုက်တာ၊ ဆရာဝန်နဲ့မတိုင်ပင်ပဲ ဖြတ်လိုက်တာ၊ ညက ၂နာရီလောက်အထိကောင်းတယ်"ဟု လပွတ္တာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးကောင်းကောင်းမှ ဖြစ်စဉ်အား မဇ္ဈိမသို့ပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားမှုကြောင့် လပွတ္တာမြို့၊ အမှတ်၂ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းနေရာကို လပွတ္တာခရိုင် ဥက္ကဋ္ဌဦးထွန်းလှအား အစားထိုးပြီး လျောက်လွှာတင်ပြီးဖြစ်သည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်စဉ်က ဦးတင်ထွန်းက မဲအများဆုံးဖြင့် အရွေးချယ်ခံရပြီး ယခုလျောက်လွှာတင်ထားသည့် ခရိုင် ဥက္ကဋ္ဌမှာ ဒုတိယ မဲအများဆုံး ရရှိခဲ့သည်ဟု ဦးကောင်းကောင်းက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်ပြီး လပွတ္တာမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် ၉/၂၀၁၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။ သေဆုံးသူမှာ ပြင်ပဒဏ်ရာဒဏ်ချက်မရှိဘဲ၊ ရင်ခွဲစစ်ဆေးမှုပြုလုပ်ထားကြောင်း လပွတ္တာမြို့မရဲစခန်းမှတာဝန်ရှိသူပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly