ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများကို ပြန်လက်ခံရန် အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားမည်

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများကို ပြန်လက်ခံရန် အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ။            ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် မွတ်ဆလင်ဒုက္ခသည်များကို စိစစ်ပြီး ပြန်လည်လက်ခံရန် အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားရန်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များသည် စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးဆုံးဖြတ်ချက်များ ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးဆုံးဖြတ်ချက်များတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများကို စိစစ်ပြီး လက်ခံရန် အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်ဆောင်ရွက်ရန် ၊ အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်ညှိနှိုင်းသွားရန် ၊ အကြမ်းဖက်မှုတွင် ပါဝင်သူများ၏ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရ ၊ နိုင်ငံတကာရဲတပ်ဖွဲ့ ၊ ကုလသမဂ္ဂတို့ကို ပေးပို့သွားရန် စသည့် အချက်များ ပါဝင်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသွားခဲ့သည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲတွင် ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်အရ စိစစ်ပြီးမှသာ လက်ခံသွားမည်ဟု ပြောဆိုထားခဲ့သည်။

အဆိုပါ ၁၉၉၃ စာချုပ်ထဲတွင်  ပြန်လာလိုသူများသည် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည် ၊ မိမိသဘောဆန္ဒအရ ပြန်လာသူဖြစ်ရမည် ၊ ထွက်ပြေးနေစဉ်မွေးလာသည့် ကလေး၏ မိခင်ဖခင်တွေသည် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ မြန်မာပြည်သို့ ပြန်ဝင်လာသည့်အခါ ကွဲကွာနေသည့် မိသားစုဝင်များဆိုသည့် လူပိုများခေါ်ဆောင်လာပါက အဆင့်မြင့် တရားရုံး၏ ထောက်ခံချက် လိုအပ်မည် စသည့်အချက်များနှင့် စိစစ်မည် ဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွက် အကြံပြုချက်များတွင် "ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံး နေသော ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေအမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်" ဆိုသည့် အချက်တစ်ချက်လည်း ပါဝင်နေသည်။

မောင်တောဒေသ၌ အစိုးရ၏အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာများ သတင်းရယူခဲ့ရာတွင်  ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင်များက ယင်း တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူ ဘာသာဝင် ၉၃ ဦး၏ သတင်းကို ပြောဆိုခဲ့သော်လည်း ဒေသတွင်းအာဏာပိုင်များက အတည်ပြုပေးခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly