ဘူးသီးတောင် မီးချောင်းစျေး ဗလီဝန်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဘူးသီးတောင် မီးချောင်းစျေး ဗလီဝန်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ။                 ။ ဘူးသီးတောင်မြို့နယ် မီးချောင်းဈေးရှိ ဗလီဝန်းအတွင်း၌ ပေါက်ကွဲမှုတစ်ခု ယနေ့ စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဘူးသီးတောင်မြို့နယ်ရဲမှူး သောင်းငွေက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ကြားတယ်၊ အဲ့ကိစ္စက နယ်ခြားစောင့်အပိုင်ဆိုတော့ အသေးစိတ်သိရအောင်ချိတ်နေတယ်" ဟု ရဲမှူးသောင်းငွေက မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် နေ့လည် ၁၁ နာရီခန့်တွင် အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာ ဘူးသီးတောင် မီးချောင်းဈေး ဗလီဝန်းသည် တောင်ဘဇားနယ်ခြားစောင့် ရဲတပ်ဖွဲ့ စီမံပိုင်ခွင့်ရှိသည့် ဧရိယာဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်သည် အစ္စလာမ်ဘာသာဝင်များ ဗလီတက်ချိန်တွင် ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်ပြီး အကြမ်းဖက်သမားများက ထောင်ထားခဲ့သည့် လက်လုပ်မိုင်းဖြစ်ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း အစိုးရဘက်က ထုတ်ပြန်ထားပြီး ပေါက်ကွဲမှုကြောင့် အကျယ် ၄ ပေ ၊ အနက် ၂ ပေခန့် မြေကျင်းတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဗလီခြံဝန်းအတွင်း ဆက်လက်ရှင်းလင်းခဲ့ရာ ကားပင်စတင်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး ကို ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly