ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဆင်(၂၃)စီးပါဝင် ယှဉ်ပြိုင်မည်

ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဆင်(၂၃)စီးပါဝင် ယှဉ်ပြိုင်မည်

 

နှစ်စဉ် သီတင်းကျွတ်လဆန်း(၁၄)ရက်တွင် ကျင်းပသည့် ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ရိုးရာအကြီးတန်း၊ ရိုးရာအငယ်တန်း နှင့် ဘော်ကြယ်တန်း စသော ပြိုင်ပွဲ(၃)မျိုးတွင် ပြိုင်ပွဲဝင်ဆင်(၂၃)စီး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

'' ဒီနှစ် ပြိုင်ပွဲဝင်ဆင်(၂၃)စီး စာရင်းပေးထားပါတယ်၊ အရင်နှစ်ထက် ပြိုင်ပွဲဝင်ဆင်(၄)စီး လျော့သွားတယ်၊ ဆင်တစ်ကောင် ပြိုင်ဖို့ ကုန်ကျစရိတ် အရမ်းမြင့်တယ်၊ ဆင်ပြိုင်ပွဲက ချီးမြှင့်တဲ့ ဆုကြေးထက် ပြိုင်ပွဲစရိတ်က သုံးဆလောက် မြင့်တယ်၊ ဒါကြောင့် လျော့နည်းသွားတာပါ '' ဟု ကျောက်ဆည်မြို့ခံ ရွှေဇင်မောင် ဆင်ပိုင်ရှင် ဦးစိုးရွှေက ပြောသည်။

ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် (၂၀၁၇)ခုနှစ် စက်တင်ဘာ(၂၁)ရက် ကျောက်ဆည်ဆင်ပြိုင်ပွဲ ကျင်းပမည့်ကိစ္စအား အစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ပြိုင်ပွဲဝင်ဆင် စာရင်းပိတ်ခဲ့ခြင်းဖြစ်ပြီး မကြာမှီကာလတွင် တန်းအလိုက် ဆုချီးမြှင့်မှု အစီအစဉ်အား ကြေညာပေးသွားမည်ဖြစ်သည်။

'' ပြိုင်ပွဲကျင်းပရေးကော်မတီက အတန်းတစ်တန်းလျှင်ယှဉ်ပြိုင်သည့့်ဆင် (၅)စီး မပြည့်ပါက ဆုပေးရွေးချယ်မည်မဟုတ်ဟုစည်းကမ်းသတ်မှတ်ထားတာရှိတယ်၊ ဒီနှစ် ဆင်ပြိုင်ပွဲမှာ ဘော်ကြယ်တန်းမှာ ဆင်(၃)စီး၊ ရိုးရာအငယ်တန်းမှာ ဆင်(၄)စီးသာ ပါဝင်ယှဉ်ပြိုင်တော့ ကော်မတီရဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်နဲ့ မကိုက်ညီလို့ ဆုပေးမည် မပေးမည် အခုထိ သေချာမသိရသေးပါဘူး '' ဟု ကျောက်ဆည်မြို့ခံ ရွှေဇင်မောင် ဆင်ပိုင်ရှင် ဦးစိုးရွှေက ပြောသည်။

ရိုးရာအငယ်တန်း(ကလေးဆင်)တွင် (၁)မင်းဇာနည်(မင်းရပ်)၊ (၂)ခန့်မှူးပိုင်(မြင်းကဘတ်ရွာ)၊ (၃)မင်းကျန်စစ်(ရွာသစ်ရပ်)၊ (၄)မျိုးချစ်ရင်သွေး(အောက်ချိုင်း)တို့ကလည်းကောင်း၊ ဘော်ကြယ်တန်းတွင် (၁)ရွှေဇင်မောင်(ထန်းဇင်တော်ရွာ)၊ (၂)ဉာဏ်လင်းထက်(ဆူးကုန်းရပ်)၊ (၃)ဧရာမိုး(မြင်စိုင်းရပ်)တို့ကလည်းကောင်း၊ ရိုးရာအကြီးတန်းတွင် (၁)ပိတောက်မြိုင်၊ (၂)လှယဉ်ကျေး၊ (၃)မျိုးဆက်သစ်၊ (၄)မြတ်ဂုဏ်ရောင်၊ (၅)ရွှေချိုင်းမောင်၊ (၆)မြင်စိုင်းဇာနည်၊ (၇)မင်းရွှေဆည်၊ (၈)ရွှေမောင်မောင်၊ (၉)ဒို့မဟာ၊ (၁၀)လှရွှေဆည်၊ (၁၁)ဇာနည်ဘွား၊ (၁၂)ဂရုဏာရှင်၊ (၁၃)ပဏ်၊ (၁၄)မင်းမြန်မာ၊ (၁၅)ဇင်လင်းဖြိုး၊ (၁၆)နောက်တိုးတို့ကလည်းကောင်း စုစုပေါင်း ပြိုင်ပွဲဝင်ဆင် (၂၃)စီး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

(၂၀၁၆)ခုနှစ် ကျောက်ဆည်ဆင်ပြိုင်ပွဲတွင် ရိုးရာအငယ်တန်း (ကလေးဆင်) (၅)စီး ၊ ဘော်ကြယ်တန်း (၆)စီး ၊ ရိုးရာအကြီးတန်း (၁၆)စီး စုစုပေါင်း ပြိုင်ပွဲဝင်ဆင် (၂၇)စီးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာအကြီးတန်းပြိုင်ပွဲတွင် (၁၀)သိန်း၊ (၈)သိန်း၊ (၆)သိန်း၊ ဘော်ကြယ်တန်းပြိုင်ပွဲတွင် (၈)သိန်း၊ (၆)သိန်း၊ (၄)သိန်း၊ ရိုးရာအငယ်တန်း(ကလေးဆင်)ပြိုင်ပွဲတွင် (၆)သိန်း၊ (၄)သိန်း၊ (၂)သိန်း၊ ရိုးရာဆင်အထူးဆုပြိုင်ပွဲတွင် (၅)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly