အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC) ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးဟုဆို

အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC) ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၀ ။         ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ပါအချက်အလက်များအပေါ် အစိုးရနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုမတူညီမှုအချို့ရှိနေသေးသောကြောင့် JMC ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးသည်ဟု ပြည်ထောင်စုအဆင့် JMCU ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကပြောဆိုလိုက်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၏ ၁၂ ကြိမ်မြောက်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီ NCA ကိုသဘောပေါက် နားလည်မှုနည်းပါးပြီး ဒီNCA ပါအချက်အလက်တွေအပေါ် ကျွန်တော်တို့နှစ် ဖက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု မတူညီခြားနားမှု တွေရှိနေတာကြောင့် ကျွန်တော်တို့နှစ်ဖက်ဟာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ JMC ရဲ့အကောင်အထည်ဖော်မှုဟာ ထင်သလောက် ချောမွေ့ပြေပြစ်မှုမရှိသေးဘူး။ အခက်ခဲတွေရှိနေသေးတာကို အားလုံးကတော့ လက်ခံ ရမှာဖြစ်ပါတယ် “ ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ကပြောဆိုသည်။

နှစ်ပေါင်း ၆၀ ကျော်လက်နက်ကိုင်ပဋိပက္ခများဖြတ်သန်းမှုအတွေ့အကြုံကြောင့်လည်း နှစ်ဖက်ကြား သံသယစိတ်များ ရှိနေသေးကြောင်း ၎င်းကပြောသည်။

သံသယစိတ်များကြောင့်  နှစ်ဖက်ကြားယုံ ကြည်မှုနိမ့်ကျခြင်းမျိုးလည်း ရှိသည်ဟုလည်း ၎င်းကပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းနှင့် တပ်မတော်တို့အကြေား ထိတွေ့မှုများကိုဖြေရှင်းရန် NCA စာချုပ် အရဖွဲ့စည်းထား ခြင်းဖြစ်သည်။

အဆိုပါ အခြေအနေများကိုစောင့်ကြည့်ရန်  တိုင်းနှင့် ပြည်နယ်အဆင့် JMC-S များကို တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီး ကရင်၊ မွန်နှင့်ရှမ်းပြည်နယ်များတွင် ဖွဲ့စည်းထားသည်။

ထို့အပြင် အပစ်ရပ်စာချုပ် NCA ထိုးထားသည့်အဖွဲ့များကြား ပဋိပက္ခအများဆုံး ဖြစ်နိုင်သည့်နေရာများတွင် ဒေသန္တရ JMC များ ဖွဲ့သွားမည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောဆိုထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags