မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ငွေ ကျပ် ဘီလီယံ ၁၉၀ကျော် သုံးစွဲထား

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ငွေ ကျပ် ဘီလီယံ ၁၉၀ကျော် သုံးစွဲထား
(ဓာတ်ပုံ-စိုးသူရ/မဇ္ဈိမ)

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ။           ။ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၀၉ -၁၀ ခုနှစ်မှ ၂၀၁၇-၁၈ ခုနှစ် ၁၀နှစ်တာ ကာလအတွင်း ငွေကျပ် ဘီလီယံ (၁၉၀) ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနကို ခွင့်ပြုပေးထားခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် သမ္မတရုံးသတင်းထုတ်ပြန်ချက် ၅/၂၀၁၇ တွင် ဖော်ပြထားခြင်းဖြစ်သည်။

ယင်းသို့ နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့် ငွေကျပ် ဘီလီယံ(၁၉၀)ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ရုံးသို့ လုပ်ငန်းလုပ်ကိုင်ရန် အပ်နှံဆောင်ရွက်ထားခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းလုပ်ကိုင်ရန် ငွေကျပ် ၆ ဘီလီယံကျော်ကို ခွင့်ပြုပေးထားပြီး ထပ်တိုးဘတ်ဂျက် သုံးစွဲငွေ ကျပ် ၂ ဘီလီယံကျော်ကို ထပ်မံသုံးစွဲနိုင်ရန် ဆောင်ရွက်နေကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော်လည်း လက်ရှိအချိန်တွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ရန် ငွေကျပ် ၂၀ ဘီလီယံကျော်ကို နိုင်ငံတော်အစိုးရက လက်ငင်းဖြည့်ဆည်းသွားမည်ဖြစ်ပြီး အဆိုပါခြံစည်းရိုးကာရံခြင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ယခင်ဆောင်ရွက်နေသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း မေယုတောင်တန်းနှင့်အပြိုင် လမ်းမကြီး (၂) လမ်းကို ၊ မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မည့် တောင်ကျော်လမ်းမကြီး( ၂) လမ်း ပါဝင်သည့် မေယုတောင်တန်းလမ်း ကွန်ရက် ဖောက်လုပ်ရေးစီမံကိန်းကို အမြန်ဆုံးဖောက်လုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးကို တာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly