ငွေလိမ်ပြေးသည့် မလေးရှားနိုင်ငံသား ၄ ဦးကို ဥပဒေအတွင်းမှ ဆက်ရင်ဆိုင်မည်ဟု ဒါရိုက်တာအဖွဲ့ဝင်ဟောင်း ရှင်းလင်း

ငွေလိမ်ပြေးသည့် မလေးရှားနိုင်ငံသား ၄ ဦးကို ဥပဒေအတွင်းမှ ဆက်ရင်ဆိုင်မည်ဟု ဒါရိုက်တာအဖွဲ့ဝင်ဟောင်း ရှင်းလင်း

ရန်ကုန်၊ စက်တင်ဘာ ၁၅ ။             ။ မလေးရှားနိုင်ငံသား ၄ ဦးက Myanmar Junwell Global Co., Ltd အမည်ဖြင့် မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်ခန့်ထံမှ  ငွေလိမ်သွားသည့်အပေါ် ယင်းကုမ္ပဏီ၌  မြန်မာဒါရိုက်တာအဖွဲ့ဝင်ဟောင်း ဦးကျော်စွာဟိန်းက ဥပဒေဘောင်အတွင်းမှ ဆက်ပြီးရင်ဆိုင်သွားမည်ဟု ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီသည် J Coin နှင့် J Card စသည့်ဈေး ဝယ်ကတ်လုပ်ငန်းကိုလုပ်ကိုင်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် Myanmar Junwell Global Co.,Ltd. အမည်ဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ကာ အွန်လိုင်း ရွှေဈေးကစားခြင်းနှင့် အစု ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံသား ၄ ဦးက အစု ရှယ်ယာဝင်များထံမှ ဒေါ်လာတစ်သန်းခွဲ (ကျပ် သန်းနှစ်ထောင်ကျော်) လိမ်လည်တိမ်းရှောင်ခဲ့ခြင်းဖြစ်ပြီး ယင်း မြန်မာဒါရိုက်တာအဖွဲ့ဝင်ဟောင်း ဦးကျော်စွာဟိန်းက ၎င်း ရင်းနှီးမြှုပ်နှံခဲ့သောငွေကျပ် သိန်း ၁၂၀ ခန့်ကိုလည်း ပြန်မပေးဘဲ လိမ်လည်သွားခဲ့သည်ဟု ဆိုသည်။

ထို့ပြင် လိမ်လည်သူများက ၎င်းနာမည်ကိုပါ အသုံးချသွားသည်ဟု ဦးကျော်စွာဟိန်းက ပြောသည်။

" အခုလိုထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေကို နောက်ပြီး ကျွန်တော် ကုမ္မဏီကနေ ထွက်သွားပြီး နောက်ပိုင်းမှာ ကုမ္မဏီမှာလက်ကျန် ကျန်နေခဲ့တဲ့သူက ကျွန်တော့နာမည်ကို ဆက်အသုံးချပြီး ဆက်လုပ်ကိုင်သွားတယ်လို့လည်း ကြားရပါတယ်။ အဲ့တော့ ကျွန်တော့်အနေနဲ့လောလောဆယ်မှာတော့ ဥပဒေဘောင်အတွင်းကနေပဲ ထွက်ပြေးပုန်းရှောင်သွားတဲ့သူတွေကိုရော ကျွန်တော်တို့အနေနဲ့ ဘယ်လိုဆက်လက် နာမည်အသုံးချနေတဲ့သူတွေကိုရော ဥပဒေဘောင်ကနေဆက်ပြီးရင်ဆိုင်သွားဖို့ရှိပါတယ် " ဟု ဦးကျော်စွာဟိန်းက ဆိုသည်။

ဦးကျော်စွာဟိန်းသည် ၂၀၁၇ ဇွန်လဆန်းပိုင်းတွင် အဆိုပါ ကုမ္ပဏီမှ အလုပ်ထွက်ခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။

၂၀၁၇ ဧပြီ ခန့်ကစ၍ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် J Card Business ကုမ္ပဏီလီမိတက်အမည်ဖြင့် ရုံးခန်းဖွင့်ခဲ့ပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးများ ဖြစ်သည့် မစ္စတာ အလန်၊ မစ္စတာ ဘာယန်၊ မစ္စတာဒန်နီယယ်တို့က ဦးဆောင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ လိမ်လည်မှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၌ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်သည့်(MLM) စနစ်ဖြင့် လည်ပတ်နေသည့် ကုမ္ပဏီများကို ယခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လိမ်လည်ခဲ့သော Myanmar Junwell Global Co., Ltd သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင်  မှတ်ပုံတင်အမှတ်- ၁၉၂၇/၂၀၁၅-၂၀၁၆(ရက)ဖြင့် စက်တင်ဘာလ၊ ၂၀၁၅မှ ၂၀၂၀ ခုနှစ်အထိ မှတ်ပုံတင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly