ကိုဖီအာနန်ကော်မရှင်အကြံပြုချက်များကို အကောင်အထည်ဖော်ရန် သမ္မတရုံးမှ ကော်မတီတစ်ရပ်ဖွဲ့စည်း

ကိုဖီအာနန်ကော်မရှင်အကြံပြုချက်များကို အကောင်အထည်ဖော်ရန် သမ္မတရုံးမှ ကော်မတီတစ်ရပ်ဖွဲ့စည်း

ရန်ကုန်၊ စက်တင်ဘာ ၁၃ ။       ။ မစ္စတာကိုဖီအာနန်ဦးဆောင်ခဲ့သည့် ရခိုင်အကြံပေးကော်မရှင်၏ အပြီးသတ်အကြံပြုချက်များကို အကောင်အထည်ဖော်ရန် “ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ “ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာ ၁၂ ရက်တွင်သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုအဆင့်ဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ပါဝင်သည့် အဆိုပါ (၁၅) ဦးကော်မတီအတွက် လုပ်ငန်းတာဝန် (၁၀) ခုကိုလည်း သမ္မတက သတ်မှတ်ပေးလိုက်သည်။

ဘာသာ၊ လူမျိုးနှင့်နိုင်ငံသား၊ ကျား/မဆိုင်ရာ ဖြစ်တည်မှုတို့အပေါ် ခွဲခြားမှု မပြုဘဲ တူညီသော ပညာသင်ကြားခွင့် ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတိုးမြင့်ပေးရန်   ဆောက်ရွက်ပေးရမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ တွင် ဥက္ကဌ အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တို့က ပူးတွဲတာဝန်ယူကြမည့်ဖြစ်ပြီးနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး က ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူကြမည်ဖြစ်သည်။

ကော်မတီသည် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူဟာ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ရမည်ဟုလည်းသိရသည်။

ထို့အပြင် တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အပြင်

ဒေသခံပြည်သူများ အခြားဒေသများသို့ ရွှေ့ပြောင်းထွက်ခွာသွားခြင်းကို ကာကွယ် တားဆီးနိုင်ရန်အတွက် မူဝါဒများ ချမှတ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ကော်မတီ၏တာဝန် ၁၀ ချက်ထဲတွင်ထည့်သွင်းထားသည်။

အကြမ်းဖက် တိုက်ခိုက်မှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးနယ်မြေ ဖြစ်လာ စေရန် ဦးစားပေး ဆောင်ရွက်ရမည်ဟုလည်းပါရှိသည်။

ကော်မတီအတွက်ကျသင့်ငွေကို သမ္မတရုံးရံပုံငွေထဲမှသုံးစွဲရမည်ဖြစ်ပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က   ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ထပ်မံထည့်သွင်း ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly