ရခိုင်အရေးတွင် မည်သည့်အတွက်ကြောင့် ကာ/ လုံ ခေါ်ဖို့လက်တွန့်နေသလဲဟု အစိုးရကိုမေးခွန်းထုတ်

ရခိုင်အရေးတွင် မည်သည့်အတွက်ကြောင့် ကာ/ လုံ ခေါ်ဖို့လက်တွန့်နေသလဲဟု အစိုးရကိုမေးခွန်းထုတ်

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။         ။ ရခိုင်အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် မည်သည့်အတွက်ကြောင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီခေါ်ယူရန် လက်တွန့်နေသလဲဟု အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် (NPA) ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်က မေးခွန်းထုတ်လိုက်သည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမအပါအဝင် နိုင်ငံရေးပါတီ၂၉ပါတီပါဝင်သော " အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ " နှင့်ပက်သက်ပြီး စက်တင်ဘာ ၁၂ ရက် တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းထုတ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

" ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ဘာလို့အဲ့လောက်ခေါ်ဖို့လက်တွန့် နေတာလဲဆိုတာ တစ်ခုတော့ရှိတာပေါ့နော်။ တည့်တည့်ပြောရရင်တော့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ ၁၁ ဦးထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မပါပါဘူး။ နိုင်ငံခြားရေးဝန်ကြီးတော့ ပါပါတယ်။ ဒီလောက်ပါပဲ " ဟု ဦးကျော်သူအောင်ကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိအကြမ်းဖက်မှုများ၊ကောလဟာလကိစ္စများအပြင် ပြည်တွင်း/ ပြည်ပအန္တရာယ်များကြောင့် မြန်မာနိုင်ငံသည် လုံခြုံစိတ်ချရမှု နှင့်ပက်သက်ပြီး စိုးရိမ်ပူပန်နေရသည့် အနေအထားဖြစ်ကြောင်း ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ (NNDP) ဥက္ကဌ ဦးသိန်းညွှန့်ကပြောသည်။

ပြည်သူလူထု၏ ဘဝနှင့် ဆက်စပ်ပြီးဆောင်ရွက်ရမည့်အခြေအနေကိုရောက်ရှိနေပြီဖြစ်သောကြောင့် ထိုပြသာနာများကိုဖြေရှင်းနိုင်ရန် နိုင်ငံရေးပါတီများမှ ကာ/ လုံ အစည်းအဝေးခေါ်ယူပေးရန် အစိုးရကိုတိုက်တွန်းနေသည်မှာ ၁ နှစ်နီးပါးရှိနေပြီဖြစ်ကြောင်းလည်း သူဆက်ပြောသည်။

" ဘာကြောင့်မခေါ်လဲဆိုရင် ကျွန်တော်အမြင် ကျွန်တော်သုံးသပ်ချက်ကရိုးရိုးပဲ။ ၂၀၀၈ အခြေခံဥပဒေနဲ့ အာဏာယူပေမယ့် ၂၀၀၈ အခြေခံဥပဒေကို လိုက်နာရမယ့်နေရာကျတော့ မဝံ့မရဲဖြစ်နေတယ်လို့ပဲ ကျွန်တော်ပြောပါရစေ " ဟု ဦးသိန်းညွှန့်ကပြောသည်။

ထို့အပြင် တိုင်းပြည်တွင်လက်ရှိဖြစ်ပွားနေသည့် လုံခြုံရေးကိစ္စများနှင့် ဖြစ်နိုင်ခြေ ကိစ္စရပ်များအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အမြန်ခေါ်ယူရန်လည်း သူကတိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ ကာ/လုံ ခေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး အကြိမ်(၂၀၀)ခန့် ခေါ်ယူခဲ့ဖူးသည်ဟု သိရှိရပြီး NLD ဦးဆောင်သည့် အစိုးရသက်တမ်း အတွင်း ကာ/လုံ အစည်းအဝေး ခေါ်ယူကျင်းပကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)တွင် နိုင်ငံတော်သမ္မတသည် “နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်း ခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်” ဟု ပြဌာန်းထားကြောင်းသိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မ(၂)ဦး ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း (၁၁)ဦးဖြင့် ဖွဲ့စည်းထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ အရေးကိစ္စများနှင့်ပတ်သက်ပြီး ကာ/လုံ ခေါ်ယူရန်ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သြဂုတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် စက်တင်ဘာ၆ရက်တွင် ကာလုံအစည်းအဝေးမဟုတ်သော်လည်း ကာလုံအဖွဲ့ဝင်အားလုံးနီးပါး ပါဝင်သော အစည်းအဝေးတရပ်ကို နေပြည်တော်တွင် ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်း တင်ပြသည့် အခမ်းအနားဟု အမည်တပ်၍ကျင်းပသော အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေးတွင် ကာလုံအဖွဲ့ဝင်ထဲမှ ပြည်သူ့လွှတ်တော်ဥက္ကဌတစ်ဦးသာ ခရီးထွက်နေသောကြောင့် မပါဝင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly