သင့်သွားတွေကို ထိန်းသိမ်းဖို့ နည်းလမ်းငါးသွယ်

သင့်သွားတွေကို ထိန်းသိမ်းဖို့ နည်းလမ်းငါးသွယ်

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

သင့်သွားတွေကို ထိန်းသိမ်းဖို့ နည်းလမ်းငါးသွယ်

အပြုံးတစ်ပွင့်ကို လူတိုင်းနှစ်သက်ကြပါတယ်။ အပြုံးဟာ ချစ်ခင်ရင်းနှီးမှုရဲ့သင်္ကေတဖြစ်ပါတယ်။ ကျွန်တော်တို့ ပြုံးပြလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုသာမက သွားတွေကိုပါလှစ်ဟဖော်ပြလိုက်ပါတယ်။ သွားလေးတွေ ဖြူစင်ဝင်းပနေမယ်ဆိုရင် သင့်အပြုံးကပိုလို့တောင် လှသွားမှာဖြစ်တာမို့ ဒီဆောင်းပါးမှာ သင့်ရဲ့သွားတွေကိုထိန်းသိမ်းဖို့ နည်းလမ်းငါးသွယ်ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

တစ်နေ့ နှစ်ခါသွားတိုက်ပါ။

သွားခဏခဏတိုက်လေ ပါးစပ်ကပိုပြီးသန့်ရှင်းလေလေလို့ လူအများစုက ယူဆထားကြပါတယ်။ ဒါဟာမှားပါတယ်။ တော်တော်ကြီးကို မှားတာပါ။ တစ်နေ့ကို သွားနှစ်ကြိမ်တိုက်တာဟာ အသင့်တော်ဆုံးပဲလို့သိပ္ပံပညာရှင်တွေက သက်သေပြထားပြီးဖြစ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ နူးညံ့တဲ့သွားပွတ်တံကိုအသုံးပြုပြီး သွားတိုက်ပါ။ သွားတိုက်တဲ့အခါမှာလည်း လက်ကိုစက်ဝိုင်းပုံစံလှုပ်ရှားပြီး တိုက်ပါ။ ရှေ့သွားတွေကနေစ,တိုက်ပြီး တဖြည်းဖြည်းနဲ့ဘေးဖက်ကိုတိုက်သွားပါ။ ပြီးရင် အရှေ့ကို ပြန်လာပါ။ ဒါမျိုးကို နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ပေးပါ။ တချို့ဘက်တီးရီးယားတွေက လျှာပေါ်မှာရှိနေပြီး အနံ့ဆိုးတွေကို ဖြစ်စေနိုင်တဲ့အတွက် လျှာကိုလည်း အသာအယာပွတ်တိုက်ဖို့မမေ့ပါနဲ့ဦး။ သွားပွတ်တံရဲ့အမွှေးလေးတွေက သွားကြားထဲသေချာမရောက်နိုင်တဲ့အတွက် ကြိုးလေးတွေကိုသုံးပြီး သွားကြားကစားကြွင်းစားကျန်တွေကို ရှင်းလင်းပေးပါ။

ငယ်စဉ်အရွယ်ကတည်းက လေ့ကျင့်ပေးပါ။

မိဘတွေအနေနဲ့သားသမီးတွေငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေသင်ကြားပေးထားဖို့အရမ်းပဲအရေးကြီးပါတယ်။ အသက်ကြီးမှသင်တာထက် ကလေးဘဝကတည်းက အလေ့အကျင့်ကောင်းတွေပျိုးထောင်ပေးရတာ ပိုလည်းလွယ်ကူပါတယ်။ ကြိုးအသုံးပြုပြီး သွားကြားသန့်ရှင်းတာနဲ့ သွားတိုက်တာကို တနေ့နှစ်ခါလုပ်ဖို့သင်ပေးထားပါ။ တကယ်လို့ သူတို့ကမလုပ်ချင်ဘူးး ဒါမှမဟုတ် တယောက်တည်း သွားမတိုက်ချင်ဘူးလို့ဂျီကျမယ်ဆိုရင် မဆူပါနဲ့။ ဖြည်းဖြည်းချင်း နားလည်အောင်ပြောပါ။ တမိသားစုလုံးအတူတကွ သွားတိုက်တဲ့အချိန်မျိုးကို ဖန်တီးပေးပါ။ ဒါမျိုးလုပ်တာဟာ လူကြီးတွေအနေနဲ့အူကြောင်ကြောင်ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ကလေးတွေအတွက်တော့ ဒါဟာပျော်စရာ၊ စိတ်လှုပ်ရှားစရာ ကစားနည်းအသစ်အဆန်းတမျိုးဖြစ်နေမှာ အသေအချာပါပဲ။

သွားဆရာဝန်နဲ့ မှန်မှန်ပြပါ။

လူအများစုဟာ သွားပုံမှန်စစ်ဆေးတာကို အလကားအချိန်ကုန်တာလို့ယူဆကြပါတယ်။ လျှော့တွက်ကြပါတယ်။ ဒါပေမယ့် သွားဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှု ပြုလုပ်သူတွေဟာ သွား ဒါမှမဟုတ် ခံတွင်းနဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ခဲတယ်ဆိုတာ တွေ့ရှိရပါတယ်။ သွားနဲ့ခံတွင်းရောဂါ အတော်များများဟာ ကနဦးမှာ ဘာရောဂါလက္ခဏာမှ ပြလေ့မရှိကြပါဘူး။ ဒါကြောင့် သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေး လုပ်ပေးခြင်းအားဖြင့် တခုခုဖြစ်ရင်လည်း စောစီးစွာသိရမှာဖြစ်ပြီး သွားပိုးပေါက်တွေရန်ကနေလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တာတွေကိုပဲ စားတတ်အောင်လေ့ကျင့်ပါ။

သွားပိုးပေါက်တွေ၊ သွားပိုးစားတာ၊ ပျက်စီးတာတွေရဲ့ အဓိကလက်သည်က အချိုဖြစ်ပါတယ်။ တခြားလူတွေ အမှုမဲ့အမှတ်မဲ့နေတတ်ကြတဲ့အစားအသောက်ဆိုင်ရာ ပြဿနာတွေလည်း ရှိနေပါသေးတယ်။ သကြားနဲ့အချိုဓာတ်တွေ၊ ကစီဓာတ်များတဲ့အစားအစာတွေ (ဥပမာ-ဆန်ချော၊ ပေါင်မုန့်စသဖြင့်) စတာတွေ စားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအစားအစာတွေဟာ သွားပျက်စီးစေတဲ့ အဓိကလောင်စာတွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

ပီကေဝါးပါ။

အစာစားပြီးတဲ့အခါ ပါးစပ်ထဲမှာ ဖြစ်ပေါ်လာတဲ့ pH ပမာဏဟာ ဘက်တီးရီးယားပိုးမွှားတွေကို ပေါက်ပွားစေနိုင်ပါတယ်။ အချိုဓာတ်မပါဝင်တဲ့ ပီကေအများစုမှာပါဝင်တဲ့ sorbital ဒါမှမဟုတ် xylitol တို့ဟာ အဆိုပါ pH ပမာဏကို ဓာတ်ပြယ်စေတာမို့ ဘက်တီးရီးယားပေါက်ပွားနှုန်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ တချို့ကြော်ငြာတွေမှာ ပီကေဟာ သွားပိုးပေါက်တွေကို တိုက်ဖျက်ပစ်နိုင်တဲ့စစ်သားတွေလို့ကြော်ငြာလေ့ရှိပါတယ် ။ဒါဟာရာနှုန်းပြည့် မမှန်ကန်ပါဘူး။ ပီကေဝါးခြင်းဟာ ပါးစပ်ထဲတံတွေးထွက်ခြင်းကို လှုံ့ဆော်ပေးနိုင်ပြီး တံတွေးဟာ သွားတွေကို ပြန်လည်ကြံ့ခိုင်စေကာ ကျန်းမာသန်စွမ်းစေပါတယ်။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly