မလေးရှား၏ ရခိုင်အရေး ထုတ်ပြန်ချက်ကို မြန်မာကန့်ကွက်

မလေးရှား၏ ရခိုင်အရေး ထုတ်ပြန်ချက်ကို မြန်မာကန့်ကွက်

ရန်ကုန် ၊ စက်တင်ဘာ ၉ ။            ။ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေများနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ သတင်းထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က  မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ခေါ်ယူ ပြောဆိုခဲ့သည်ဟု သိရသည်။

ယမန်နေ့ စက်တင်ဘာ ၈ ရက်နေ့ ညနေ သုံးနာရီခန့်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မလေးရှားသံအမတ်ကြီး H.E. Mr. Mohd Haniff Bin Abd Rahman အား ဆင့်ခေါ်တွေ့ဆုံပြီး   ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်သည် ပကတိအခြေအနေမှန်နှင့် မကိုက်ညီဘဲ မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲစေနိုင်သည့် ထုတ်ပြန်ချက် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက် တိုက်ခိုက်မှုကိစ္စရပ်များနှင့်ပတ်သက်ပြီး သတင်းအမှန်များကို မိမိတို့အနေဖြင့် စဉ်ဆက်မပြတ် ထုတ်ပြန်မှုများ၊ သံတမန်များအား   ခေါ်ယူရှင်းလင်းမှုများ ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ရန်အတွက် နည်းလမ်းများရှာဖွေနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး   ကော်မရှင်အား ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အကြံပေးကော်မရှင်မှ တင်ပြလာသည့် အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လည်း ဆောင်ရွက်နေသည်ဟု  မလေးရှားသံအမတ်ကြီးကို ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 ယင်းအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေခံမူများနှင့်အညီ ခွဲခြားမှု မရှိဘဲကူညီထောက်ပံ့သွားရန် ဆောင်ရွက်နေပြီး အဆိုပါအခြေအနေများကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို  ပြန်လည်တင်ပြပေးရန် တိုက်တွန်းပါကြောင်းနှင့် မိမိတို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား သွေးစည်းညီညွှတ်မှုကို ထိန်းသိမ်းရန် လိုကြောင်းကိုပါ   ပြောဆိုခဲ့သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly