ကရင်ပြည်နယ် လှိုင်းဘွဲ့ ၌ ဘင်္ဂါလီတစ်ဦး ဖမ်းမိ ၊ လဝက ဥပဒေဖြင့် အမှုဖွင့်ထား

ကရင်ပြည်နယ် လှိုင်းဘွဲ့ ၌ ဘင်္ဂါလီတစ်ဦး ဖမ်းမိ ၊ လဝက ဥပဒေဖြင့် အမှုဖွင့်ထား

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက် ။          ။ ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့ ၌ အထောက်အထား တစ်စုံတစ်ရာမရှိသည့် ဘင်္ဂါလီတစ်ဦးကို ယမန်နေ့က ဖမ်းဆီး ရမိခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

လှိုင်းဘွဲမြို့ (ဃ) ရပ်ကွက် ရွာသစ်၌နေထိုင်သည့် ဦးရီထွေး၏ နေအိမ်တွင် ၎င်းသမီးဖြစ်သူ မဇာနည်နွယ်၏ ခင်ပွန်း အဗ္ဗဒူလာ(ခ) ကျော်မြင့် ဆိုသူ သည် အထောက်အထား တစ်စုံတစ်ရာမပါဘဲ   ရောက်ရှိနေသောကြောင့် (က)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဝေက မြို့နယ်လဝကသို့ သွားရောက်အပ်နှံထားရှိကြောင်း သိရသည်။

ယင်းအတွက် လှိုင်းဘွဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဗ္ဗဒူလာ(ခ)ကျော်မြင့်သည် ကျောက်ဖြူမြို့မှ တစ်ဆင့် ရန်ကုန်သို့ လာရောက်၍ ကြုံရာကျပန်း လုပ်ကိုင်ကြောင်း၊ ၂၀၀၃ ခုနှစ်၌ မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်ကာ မလေးရှားနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံ၌ မဇာနည်နွယ် နှင့် အိမ်ထောင်ကျခဲ့ကြောင်း စစ်ဆေးသိရှိရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းနောက်၂၀၁၇ မတ်လတွင် မဇာနည်နွယ် ကျန်းမာရေးမကောင်းသဖြင့် နေရပ်သို့ ပြန်လာခဲ့ပြီး အဗ္ဗဒူလာ(ခ) ကျော်မြင့်သည် မလေးရှားနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း ၊ ၎င်းသည် လွန်ခဲ့သော (၁) လခန့်က မလေးရှားနိုင်ငံမှ တရားမဝင်ဝင်ရောက်လာကာ ဇနီးဖြစ်သူနေထိုင်သော လှိုင်းဘွဲမြို့သို့ လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း စစ်ဆေးရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် အဗ္ဗဒူလာ (အမ်ဒူလာ)(ခ)ကျော်မြင့်အား လဝကအက်ဥပဒေဖြင့် အရေးယူရန် စီစဉ်ထားရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော်မြို့များ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေသည့်သတင်းများ ရရှိထားပြီး မသင်္ကာဖွယ်လုပ်ဆောင်မှုများ၊ လူများတွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန်ရှိသူများအား အကြောင်းကြားရန် စက်တင်ဘာလ ၅ရက်နေ့၌ နိုင်ငံတော်၏အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့က   မြောက်ဥက္ကလာမြို့နယ် သံထည်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုတွင်လည်း တရားမဝင်ဘင်္ဂါလီတစ်ဦးနှင့် ကမန်တစ်ဦးတို့ ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး နေရပ်ပြန်ပို့ရန် ရန်ကုန်တိုင်းဒေသကြီး လူဝန်မှုကြီးကြပ်ကွပ်ကဲရေးဌာနက ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက  ယနေ့စက်တင်ဘာလ၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly