လုံခြံုရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာတွင် လက်နက်မဲ့ပြည်သူများကို ကာကွယ်ရန် EU တိုက်တွန်း

လုံခြံုရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာတွင် လက်နက်မဲ့ပြည်သူများကို ကာကွယ်ရန် EU တိုက်တွန်း
ဓာတ်ပုံ-စိုးသူရ

ရန်ကုန် ၊စက်တင်ဘာ ၈ ။           ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရခြင်း အကြမ်းဖက်မှုအတွက် အီးယူက ပြစ်တင်ရှုတ်ချလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရာတွင် အတတ်နိုင်ဆုံး သည်းခံကိုင်တွယ် ဖြေရှင်းကြရန်နှင့် လက်နက်မဲ့ပြည်သူများကို ကာကွယ်စောင့်ရှောက်ကြရန် ဥရောပသမဂ္ဂက ထုတ်ပြန် ကြေညာလိုက်သည်။

ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဆင့်မြင့် ကိုယ်စားလှယ် Federica Mogherini ၏ ရခိုင် ပြည်နယ်တွင်း အခြေအနေနှင့် စပ်လျဉ်း၍  စက်တင်ဘာလ ၆ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကာ ဥရောပသမဂ္ဂ အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြန်မာ့လုံခြုံရေး တပ်များအပေါ် စီးနင်းတိုက်ခိုက်ခဲ့မှုများနှင့် ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချပြီး ကျူးလွန်ခဲ့သူများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေး စီရင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်ပွားနေသည့်ပြဿနာများ တင်းမာမှု လျော့ကျစေရန်နှင့် ဘက်ပေါင်းစုံမှ ပါဝင်နေသူအများအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ ကို  အပြည့်အ၀ အလိုက်နာကျင့်သုံးရန် အလွန်တရာ လိုအပ်လျက်ပြီး  အရေးပေါ် အခြေအနေအတွက် ကန့်သတ်တားမြစ်ချက်မရှိသည့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့များ ရရှိစေရေး အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ သွားရောက်ခဲ့သည့်  အင်ဒိုးနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် အီးယူက တွေ့ဆုံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အီးယူက မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်အဖွဲ့၏ အကြုံပြု သုံးသပ်ချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန်ပါ တိုက်တွန်းထားသည်။

 ဥရောပသမဂ္ဂ အနေဖြင့် ပိုမိုဆိုးရွားလာမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်နှင့် ရှေ့ဆက်နိုင်စေရန် အတွက် အကြုံပြု သုံးသပ်ချက်များကို အကောင်အထည်ဖော်မည့် အစိုးရ၏  လုပ်ငန်းစဉ်တွင် အပြည့်အ၀ ပံ့ပိုးကူညီပေးမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly