ရခိုင်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်းတွင် လုံခြံုရေးအသင့်အနေအထားသို့ တိုးမြှင့်

ရခိုင်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်းတွင် လုံခြံုရေးအသင့်အနေအထားသို့ တိုးမြှင့်

ပုသိမ်၊ စက်တင်ဘာလ ၇ ။          ။ ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်ပေါက်များအပါအဝင် မြို့နယ်တိုင်းတွင် လုံခြုံရေးကို အသင့်အနေအထားသို့ တိုးမြှင့်လိုက်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

"လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ မတိုင်ခင် လှုံ့ဆော်မှုတွေ လုပ်မယ်လို့ကြားတယ်။  မြို့နယ်တွေမှာလည်း အသင့်အနေအထားနဲ့ဆောင်ရွက်ဖို့ လုံခြုံရေးကို သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ၊ အရန်မီးသတ် လူမှုရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်ထားဖို့လည်း စီစဉ်ထားပြီးဖြစ်ပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသည့်နေရာဖြစ်ပြီး ပင်လယ်ဝင်ပေါက်များ ဖြစ်သော ဟိုင်းကြီး၊ ငွေဆောင်၊ ချောင်းသာ၊ ငရုတ်ကောင်းဒေသတို့နှင့် ကုန်းတွင်းလမ်းဖြင့် ဂွမြို့လမ်း မှ ဝင်ရောက်လာနိုင်၍ နယ်စပ်ဂိတ်များတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားကြောင်း သိရသည်။

“ကုန်းတွင်းပိုင်း ဝင်ပေါက်ဖြစ်တဲ့ ဂွမြို့နယ်နှင့် ဆက်စပ်တဲ့ ရေနံသာစစ်ဆေးဂိတ် ရေကြည်မြို့နယ်၊ ကုန်းမြင့်ရဲစခန်း စတဲ့ ကုန်းတွင်းဝင်ပေါက်တွေ၊ ဟင်္သာတခရိုင်မှာ ဘတ်ရဲစစ်ဆေးရေးဂိတ်တွေ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်၊ ပုံမှန် မြို့နယ်တိုင်းမှာ ရှောင်တခင်ပိတ်ဆို့ရှာဖွေရေးတွေ လုပ်နေတယ် ဟု ၎င်း ဆက်လက်ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် သတင်းများအရ နိုင်ငံအဝန်း လုံခြုံရေးအထူး ဂရုပြုရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရများသို့ သတိပေးညွှွန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် လုံခြုံရေးသတိထားရှိကြပြီး မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များ၊ လုပ်ဆောင်ချက်များ ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းစုဆောင်းမှုများ ၊ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက် များ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေး နှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ အမြန်ဆုံးအကြောင်းကြားပေးပါရန်  အစိုးရမှ ထုတ်ပြန်ထားသည်။

“ပြည်သူကို အသိပေးချင်တာက မသင်္ကာဖွယ်ရာတွေ လှုပ်ရှားမှုတစုံတရာတွေ့ရင် ရဲတပ်ဖွဲ့ကိုဖြစ်ဖြစ် အုပ်ချုပ်ရေးအဖွဲ့ကိုဖြစ်ဖြစ် အချိန်မီ သတင်းပေးရင် ဒါကိုအချိန်မီဖြေရှင်းပေးသွားနိုင်မှာပါ ။ အဓိက သတင်းရရှိမှုစောတဲ့အပေါ်မှာ ဆောင်ရွက်နိုင်မှု စီမံခန့်ခွဲမှုတွေအစောဆုံးလုပ်နိုင်ပြီး ပြည်သူလူထုတွေ စိတ်အေးချမ်းသာစွာနဲ့ ဘာမှ ပြဿနာတစုံတရာ မရှိအောင် ဆောင်ရွက်သွားဖို့စီစဉ်ထားပါတယ် ” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly