လက်လုပ်မိုင်းဟု ယူဆရသည့် ပစ္စည်းများ ကိုင်ဆောင်သူမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေ

လက်လုပ်မိုင်းဟု ယူဆရသည့် ပစ္စည်းများ ကိုင်ဆောင်သူမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေ

ရန်ကုန် ၊ စက်တင်ဘာ ၇ ။         ။ တောင်ကြီးမြို့ပေါ်၌ မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသည့် ပစ္စည်းများ တွေ့ရှိရပြီး အဆိုပါအမျိုးသားကို စစ်ဆေးရာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူဖြစ်သည်ဟု အစိုးရဘက်က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက်က တောင်ကြီးမြို့ သစ်တောရပ်ကွက် ကမ္ဘောဇလမ်းအတွင်း အမျိုးသားတစ်ဦးကို အမည်မသိအရာများကို ကိုင်ဆောင်ပြီး မသင်္ကာဖွယ်ရာ သွားလာနေသည်ဟု ပြည်သူတစ်ဦးက သတင်းပေးပို့လာခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါအမျိုးသားနှင့်အတူ အရှည် ၃ လက်မ ခန့်ရှိ ဝါးရိုးတပ်ဆင်ထားသော လက်လုပ်မိုင်းဟု ယူဆရသည့် ကိရိယာ ၁ ခု ၊ အရှည် ၅ လက်မ အချင်း ၂ လက်မ ဂတ်စ်ဗူးခွံ့ဖြင့် ပြုလုပ်ထားပြီး အ၀ တွင် သစ်သားပိုင်းများ ပိတ်ထားသည့် လက်လုပ်မိုင်း ဟု ယူဆရသော ကိရိယာ ၁ ခု ၊ ဉာဏ်တော် ၁ လက်မခန့်ရှိ ဘုရားဦးခေါင်းတော်ပြတ် ၁ ဆူ နှင့် ခဲ၊ သံတိုသံစ များတွေ့ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား စစ်ဆေးရာတွင် ၎င်းသည် လွန်ခဲ့သော ၂ နှစ်ခန့်က မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ဦးခေါင်းထိခိုက်ထားသူဖြစ်ပြီး ယခင်ကလည်း ၂ ကြိမ်ခန့် စိတ်ကစဉ့်ကလျားဖြစ်ခဲ့ဖူးကြောင်း သိရသည်။

ယင်းအတွက် ကြောင့် ၎င်းကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပြီး စိတ်ကျန်းမာရေး အခြေအနေကို စစ်ဆေးစောင့်ကြည့်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly