ရွာမီးရှို့သူများမှာ အကြမ်းဖက်သမားများသာ ဖြစ်ကြောင်း ရခိုင်နယ်လုံဆို

ရွာမီးရှို့သူများမှာ အကြမ်းဖက်သမားများသာ ဖြစ်ကြောင်း ရခိုင်နယ်လုံဆို

ရန်ကုန် ၊ စက်တင်ဘာ ၇ ။         ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသရှိ ရွာများကို ဒေသခံရွာသားများက မီးရှို့ခြင်းမဟုတ်ပဲ အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ခြင်းသာ ဖြစ်သည်ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောသည်။

"ဒီမှာရှိနေတဲ့ အကြမ်းဖက်သမားက ရွာခံမဟုတ်ဘူး။ ဟိုဖက်မှာ အကြမ်းဖက်သင်တန်း တက် လာတယ်။ ရွာကို အကျပ်ကိုင်တာ၊ ရွာကို ထိန်းချုပ်တာပေါ့။ ထိန်းချုပ်ပြီးတော့ သူတို့က ဘာလုပ်လဲဆိုတော့ ဒီကနေ ညွှန်ကြားပြီး အားလုံးထွက်၊ တစ်အိမ် တစ်ယောက် မထွက်မနေရ ဆိုတဲ့ဟာမျိုးနဲ့ ထွက်ခိုင်းပြီး မထွက်ရင် မီးရှို့တယ်" ဟု ဗိုလ်မှူးကြီး ဖုန်းတင့် ဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်သတင်းရယူသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများ နှင့် တွေ့ဆုံရာတွင် ဗိုလ်မှူးကြီး ဖုန်းတင့်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တစ်ဘက်တွင် နယ်စပ်လုံခြုံရေးနှင့် ပတ်သက်ပြီး အစိုးရဘက်က ဆောင်ရွက်ချက်များသည် အားနည်းချက် ရှိနေသည်ဟု မောင်တောမြို့ ဇောတိကာရုံကျောင်း ဆရာတော် ဦးဇောတိက က မိန့်ကြားထားကြောင်း မောင်တောသို့ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က ပေးပို့ထားသည်။

"ဘင်္ဂါလီရွာတွေမှာ ညနက်သန်းခေါင် သူတို့သွားချင်သလို သွားလို့ရနေတယ်။ အဲဒီကမှ ဒီကောင်တွေက လုပ်ချင်သလို လုပ်နေလို့ရတာ၊ ကိုင်တွယ်ပုံမှားတယ်၊  လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က အားနည်းချက်တွေ အများကြီးရှိတယ်" ဟု ဆရာတော် ဦးဇောတိက က မိန့်ကြားသည်။

ရခိုင်ပြည်နယ်အတွင်း ယခုတကြိမ်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ( ၅၉) ရွာ ၊ နေအိမ်အလုံးပေါင်း ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက် သမား (၃၇၁) ဦး အသေဖမ်းဆီးရမိကာ (၃၈) ဦးကို အရှင်ဖမ်းမိသည်ဟု ဖော်ပြထားသည်။

ဒေသခံများ သေဆုံးမှု အဖြစ် ဒေသခံတိုင်းရင်းသား (၁၄) ဦး ၊ ဒေသခံ ဟိန္ဒူဘာသာဝင်(၇) ဦး၊ ဘင်္ဂလီ(၇) ဦး စုစုပေါင်း (၂၈) ဦးသေဆုံးခဲ့ကြောင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ထားသည့် စာရင်းသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာ ၅ ရက်နေ့အထိ ရရှိထားသည့် စာရင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly