ရခိုင်ပြည်နယ်အတွင်း ခြေအနေတွေကို တူရကီရုပ်သံမှာ စကားစစ်ထိုးမယ်

ရခိုင်ပြည်နယ်အတွင်း ခြေအနေတွေကို တူရကီရုပ်သံမှာ စကားစစ်ထိုးမယ်

အကြမ်းဖက်မှုများ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ကမ္ဘာ့မီဒီယာအချို့မှာ ဖေါ်ပြနေတဲ့ သတင်းမှားတွေနဲ့ ပတ်သက်ပြီး တူရကီ ရုပ်မြင်သံကြားမှတစ်ဆင့် စကားစစ်ထိုးပွဲပြုလုပ်ပြီး ချပြပြောဆိုမယ်လို့ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Center for Peace and Reconciliation ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးညိုအုန်းမြင့်က ပြောပါတယ်။

စကားစစ်ထိုးပွဲမှာပါဝင် ကြမယ့်သူတွေကတော့ ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာနက မြန်မာ့အရေး သုံးသပ်သူလည်းဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်တဲ့ ဒေါက်တာဇာနည်နဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးညိုအုန်းမြင့်တို့က ပင်တိုင် ဆွေးနွေးမှာဖြစ်တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

တူရကီ ရုပ်မြင်သံကြားနဲ့ အင်တာနက် ဝက်ဆိုဒ် တစ်ခုဖြစ်တဲ့ http://www.trtworld.com/ မှာ ဒီနေ့ည ၉ နာရီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ “မြန်မာပြည်မှာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နေပြီလား” ခေါင်းစဉ်နဲ့ စကားစစ်ထိုးကြမှာဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လုပ်နေတဲ့ ဟာတွေကလည်း အပြည်ပြည်ဆိုင်ရာ စံနူန်းတွေနဲ့ လုပ်နေတာပဲလေ။ တပ်မတော်ကလည်း အပြည်ပြည်ဆိုင်ရာ စံနူန်းတွေနဲ့ လုပ်နေတဲ့အတွက်ကြောင့် ဒီဟာကတော့ ကျွန်တော့်အမြင်မှာ လူမျိုးတုန်း ဆိုတာ မဟုတ်ဘူး။ အဲ့တော့ လွတ်လပ်သူ တစ်ယောက်အနေနဲ့ ကျွန်တော်ဒါကို ဒီလိုပဲတွေးနေတယ်။ နောက်တစ်ခါ အစိုးရမှာလည်း မှားနေတာ ကျွန်တော်တစ်ခုမှမတွေ့ဘူး။ တပ်မတော်မှာလည်း စနစ်တကျသတ်ဖြတ်နေတယ်ဆိုတဲ့ ဟာကိုလည်းတစ်ခုမှမတွေ့ဘူး။ အဲ့တော့အဲ့ဟာကိုပဲ ကျွန်တော်ဆွေးနွေးမှာပါ” ဟု ဦးညိုအုန်းမြင့်ကပြောဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရပြီး ကိစ္စရပ်များကို ကမ္ဘာမှသိရှိခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဘင်္ဂါလီများ ထွက်ပြေးလာခြင်းကိုသာ နိုင်ငံတကာမှသိရှိသည့်အတွက် ထို့ကဲ့သို့ဖြစ်လာရသည်ဟု သူကသုံးသပ်သည်။

ထို့အပြင် နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများနှင့် လူမှုစာနာရေးအဖွဲ့များ အစိုးရမှ ခွင့်ပြုထားသည့်အပြင် လူမျိုးတုန်း သတ်ဖြတ်မှုမျိုးမှာ အစိုးရများ၏ ပေါ်လစီတွင်လည်းမတွေ့ရသောကြောင့် မည်သည့်အရာမှာ လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်မလဲဟု  ဦးညိုအုန်းမြင့်က မေးခွန်းထုတ်သည်။

အစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနူန်းများဖြင့်သာ ဆောင်ရွက်နေပြီး နိုဗယ်ဆုရှင် ကိုဖီအာနန် ကော်မရှင်ကဲ့သို့ ကော်မရှင်ကိုလည်း ဖွဲ့စည်းပေးထားသည့် ကြားမှ ဖြစ်ပွားလာခြင်း   ဖြစ်သည်ဟုလည်း ဆိုသည်။

http://www.trtworld.com/ တီဗွီအစီအစဉ်တွင် လူ့အခွင့်အရေးလှုပ်ရှားသူဖြစ်သည့် ဒေါက်တာဇာနည်၊ ဦးညိုအုန်းမြင့်နှင့် တင်ဆက်သူတစ်ဦးပါ ဝင်မည်ဖြစ်သည်။   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတ နိုင်ငံသမ္မတမစ္စတာတေယစ်ပ် အာဒိုဂန်တို့ ရခိုင်ပြည်နယ်အရေးကို ဖုန်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသေးကြောင်း အစိုးရမှသတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly