မန္တလေးတွင် ငြိမ်းချမ်းရေးဂီတပွဲတော် ထောက်ခံကြိုဆိုသော ကမ်ပိန်းပြုလုပ်

မန္တလေးတွင် ငြိမ်းချမ်းရေးဂီတပွဲတော် ထောက်ခံကြိုဆိုသော ကမ်ပိန်းပြုလုပ်

 

မန္တလေးမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဂီတပွဲတော်ကို ထောက်ခံကြိုဆိုသောအားဖြင့် စက်တင်ဘာလ ၅ ရက် နံနက်၁၀ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၆၆)လမ်း၊ (၂၀)လမ်း နှင့် (၂၂)လမ်းကြားရှိ အမျိုးသားကဇာတ်ရုံ၏ မျက်နှာချင်းဆိုင် ကျုံးဘေးတွင် မန္တလေး ငြိမ်းချမ်းရေးမြတ်နိုးသူများအဖွဲ့မှ ငြိမ်းချမ်းရေးဂီတပွဲတော် ထောက်ခံခြင်းကမ်းပိန်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေး ငြိမ်းချမ်းရေးမြတ်နိုးသူအဖွဲ့မှ ငြိမ်းချမ်းရေးအလံစိုက်ထူခြင်း နှင့် ဗီနိုင်းကပ်ခြင်းကို ယနေ့ မန္တလေး အမျိုးသားကဇာတ်ရုံ၊ အနောက်ကျုံးထောင့်၊ (၇၈)လမ်း ကျုံးထောင့်၊ (၆၆)လမ်း နှင့် (၂၆)လမ်းထောင့် နှင့် မြင်သာထင်သာရှိသော နေရာများတွင် ပြုလုပ်ခဲ့ပြီး မန္တလေး အမျိုးသားကဇာတ်ရုံ နှင့် ကျုံးပတ်လည်ကို ငြိမ်းချမ်းရေးအလံ (၂၀၀)ခုအား စက်တင်ဘာ ၅ ရက် မှ ၁၀ ရက်နေ့အထိ စိုက်ထူထားမည်ဖြစ်သည်။

'' ပြည်သူအများစုက ငြိမ်းချမ်းရေးက ကိုယ်နဲ့မဆိုင်သလို နေကြတယ်၊ စာဖတ်အားနည်းတာ အဓိကပါပဲ၊ ဒါကြောင့် ငြိမ်းချမ်းရေးကို ပြည်သူတွေရဲ့ နှလုံးသားထဲ ရောက်စေချင်လို့ အခုလို ကမ်းပိန်းတွေ ပြုလုပ်ရတာပါ၊ အရင်ကတည်းက ငြိမ်းချမ်းရေး ကမ်းပိန်းပြုလုပ်နေတာပါ၊ အခုက ငြိမ်းချမ်းရေးဂီတပွဲတော် လုပ်တဲ့အချိန်နဲ့ ကြုံလို့ နှိုးဆော်ပေးတဲ့အနေ လုပ်ဖြစ်တာပါ '' ဟု မန္တလေး ငြိမ်းချမ်းရေးမြတ်နိုးသူအဖွဲ့မှ ဦးမြင့်ချိုက ပြောသည်။

မန္တလေး ငြိမ်းချမ်းရေးမြတ်နိုးသူအဖွဲ့မှ ငြိမ်းချမ်းရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စတစ်ကာကပ်ပေးခြင်း၊ အအေးတိုက်ခြင်းတို့ကို စက်တင်ဘာ ၆ ရက် နှင့် ၇ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် စတုဒိတာကျွေးမည်ဖြစ်သည်။

စိတ်ဓာတ်ချင်း တူညီခြင်း၊ စည်းလုံးခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်လေးကို ဖော်ဆောင်ထားသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသည့် စာသားစတစ်ကာကပ်ထားသော ဝါးစည်းကို ကိုင်မြှောက်ထားသော ကြေးရုပ် နှင့် ငြိမ်းချမ်းရေး ဂျိုးဖြူရုပ်တို့ကို ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပမည် မန္တလေး အမျိုးသားကဇာတ်ရုံတွင် ထားရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ(မန္တလေး) အား အသံစမ်းသပ်စစ်ဆေးမူပြုလုပ်ပြီး စက်တင်ဘာ ၁၀ရက်နေ့တွင် သီချင်းဆိုပြိုင်ပွဲကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး နောင်နောင်(S.F)၊နွဲ့ယဉ်ဝင်း၊ဟေမာနေဝင်း တို့မှအကဲဖြတ်ဒိုင် ပြုလုပ်ပေးမည်ဖြစ်သည်။တေးသံရှင်များမှလည်း ဧည့်သည်အဆိုရှင်အဖြစ် လာရောက်ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့လာရောက်၍ ယှဉ်ပြိုင်နေမူများအား လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly