မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း တပ်မတော် သတိပေး

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်ကြောင်း တပ်မတော် သတိပေး

 

ရန်ကုန် ၊ စက်တင်ဘာ ၅ ။             ။ မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားလာနိုင်သဖြင့် မသင်္ကာ ဖွယ်ရာများ တွေ့ရှိပါကနီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များကို အကြောင်းကြားရန် တပ်မတော်က သတိပေးထားသည်။

မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြည်ပနိုင်ငံတစ်ခုက စီစဉ်နေပြီး အဆိုပါ နိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားများကို အခြားနိုင်ငံတစ်ခု၌ အကြမ်းဖက် သင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့ပြီး အဆိုပါ အဖွဲ့များသည် ဒေသန္တရပစ္စည်းများနှင့် မိုင်းလုပ်နည်းများကို ကျွမ်းကျင်သူများ ဖြစ်သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်လိုသူများ၏ ဘူးသီးတောင်-မောင်တောဒေသ၌ ဖြစ်ပွားနေသည့် ဘင်္ဂါလီအရေးကိစ္စကို ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့်   နေပြည်တော် ၊ရန်ကုန် ၊မန္တလေး ၊ မော်လမြိုင် စသည့် မြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စရပ်များကြောင့်  ပြည်သူလူထု မှ အကြမ်းဖက် သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ (အမိုနီယမ်နိုက်ထရိတ်-ပုလဲဓာတ်မြေသြဇာ) တရားမဝင်စုဆောင်းနေမှုများကို သိရှိပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များကို အကြောင်းကြားသွားကြပါရန် တပ်မတော်က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly