တစ်မိုးအောက် ပရဟိတ လူငယ်များ အဖွဲ့ကရေဘေးသင့်ပြည်သူများအတွက် ဂီတဖျော်ဖြေပွဲပြုလုပ်မည်

တစ်မိုးအောက် ပရဟိတ လူငယ်များ အဖွဲ့ကရေဘေးသင့်ပြည်သူများအတွက် ဂီတဖျော်ဖြေပွဲပြုလုပ်မည်

ရန်ကုန် ၊ သြဂုတ် ၁၂ ။      ။ ရေဘေးသင့် ပြည်သူများ ကိုဖေးမကူညီသည့် အနေဖြင့် တစ်မိုးအောက် ပရဟိတလူငယ်များ အဖွဲ့က သြဂုတ် ၁၄ရက်တွင် ရန်ကုန်မြို့ပြည်လမ်းရှိပြင်သစ် ယဉ်ကျေးမှုဌာန၌  ဂီတဖျော်ဖြေပွဲ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

ထိုဖျော်ဖြေပွဲကို တစ်မိုးအောက် ပရဟိတ လူငယ်များ အဖွဲ့မှ ဦးဆောင် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ၎င်းတို့ အဖွဲ့မှ ရေဘေးသင့် ပြည်သူများ အတွက် သီချင်း သီဆိုကာ အလှူငွေ များ ကောက်ခံ ခဲ့သလို အဆိုတော်များ နှင့် ပထမဆုံး အကြိမ် ကျင်းပသည့် ဂီတ ဖျော်ဖြေပွဲ လည်းဖြစ်သည်။

တစ်မိုးအောက် ပရဟိတ လူငယ်များ အဖွဲ့မှ ကိုဂူဂူးက  " ကျွန်တော်တို့ အပြင်မှာ သီချင်း လိုက်ဆိုပြီး အလှူငွေ ကောက်ခံတယ် ။ အဲဒီက ရလာတဲ့ အလှူငွေ ကို ရှိုးပွဲလေး တစ်ခု လုပ်ပြီးရေဘေး သင့်ပြည်သူတွေကို လှူမယ် ဆိုပြီး လုပ်ဖြစ်တာပါ။ အရင်က တစ်ခြား အဖွဲကအစည်းတွေ နဲ့ ပူးပေါင်းပြီး ဖျော်ဖြေပွဲတွေ လုပ်ဖြစ်တယ်။ ဒီပွဲကတော့ တစ်မိုးအောက် အဖွဲ့အစည်း နာမည် နဲ့ ပထမဆုံး လုပ်ဖြစ်တဲ့ ပွဲလေးပါ" ဟု ပြောသည်။

ဂီတ ဖျော်ဖြေပွဲတွင်  G-Latt ၊ Side Effect ၊ G-Tone ၊ Cyclone ၊ P.B.D HOOD  ၊ One Way ၊ Lambar ၊ OG KUSH ၊ The Myth ၊ HIP 2 ၊ MAZE OF MARA ၊ Y.A.K  တို့က သီဆို ဖျော်ဖြေ ကြမည် ဖြစ်သည်။

လက်မှတ်များကို တစ်စောင်လျှင် ငါးထောင်ကျပ် သတ်မှတ် ထားပြီး  ဖျော်ဖြေပွဲ ကျင်းပမည့် နေ့တွင်လည်း လက်မှတ်များကို ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။

ဖျော်ဖြေပွဲကို သြဂုတ် ၁၄ရက် ညနေ ၆နာရီမှ ၁၁ နာရီအထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ပွဲမှ ရရှိသည့် ငွေ များကို ဟားခါး ၊ ကောလင်း ၊ မြောက်ဦး ၊ အင်္ဂါပူ ၊ မြောင်းမြ ၊ မိုးညို စသည့် နေရာများတွင် လှူဒါန်း ရန် စီစဉ် ထားသည်။

တစ်မိုးအောက် ပရဟိတ လူငယ်များ အဖွဲ့ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ရက်မှ စတင်ကာ Website နှင့် ဖေ့ဘုတ် တို့တွင် တရားဝင် ဖွဲ့စည်း ထားသည့် အဖွဲ့အစည်း ဖြစ်ကာ ပရဟိတ လုပ်ငန်းများ လုပ်ဆောင် နေသည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

ထို အဖွဲ့သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဖြစ်ပေါ် နေသည့် ရေဘေး ဒဏ်ခံ ခဲ့ရသည့် သူများ အတွက် သီချင်း သီဆိုကာ အလှူငွေ များ ကောက်ခံ ခဲ့ကြပြီး လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီး မင်းလှခရိုင် မိုးညိုမြို့နယ် ရေကင်း ကျေးရွာ အုပ်စုရှိ ရေဘေးသင့် ပြည်သူများထံသို့ သွားရောက် လှူဒါန်း ခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly