ရခိုင်တွင် အကူအညီပေးရေးကိစ္စများ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေး

ရခိုင်တွင် အကူအညီပေးရေးကိစ္စများ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေး
Photo-Ministry of Foreign Affairs Myanmar

ရန်ကုန်၊ စက်တင်ဘာ ၄ ။       ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများအား အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးပေးနိုင်ရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထိုပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများအား ဖြေရှင်းသွားနိုင်မည့် ရေရှည်နည်းလမ်းကောင်းများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mrs Retno L.P. Marsudi အား ယနေ့ (၁၂၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အင်ဒိုနီးရှား နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးတို့ ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃ ရက် ညကလည်း အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးကို ပေါက်ကွဲစေတတ်သည့် မီးလောင်ဗုံးဖြင့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်းဌာနနှင့် AFP သတင်းဌာနတို့က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly