မောင်တောပဋိပက္ခဖြစ်စဉ်အပေါ် စစ်တွေသက္ကေပြင် IDP မှ ခိုလှံုသူများ စိုးရိမ်နေ

မောင်တောပဋိပက္ခဖြစ်စဉ်အပေါ် စစ်တွေသက္ကေပြင် IDP မှ ခိုလှံုသူများ စိုးရိမ်နေ

စစ်တွေ ၊ စက်တင်ဘာ ၁ ။          ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌ တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်တွေမြို့ သက္ကေပြင် IDP စခန်းမှ ခိုလှုံသူများ  စိုးရိမ်ထိတ်လန့်နေသည်။

"ဒီဖြစ်စဉ်အကြောင်း ကျွန်တော်တို့လည်း ကြားနေရတယ်။ ဒီလို တိုက်ခိုက်တာမျိုးကို မကြိုက်ဘူး၊ အေးအေးဆေးဆေးပဲ နေချင်တယ်" ဟု သက္ကေပြင်  IDP စခန်းတွင် နေထိုင်သည့် ဦးလေဒူး က ဆိုသည်။

ယင်း သက္ကေပြင် IDP စခန်းသည် ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပေါ်ပေါက်လာသည့် စခန်းဖြစ်ကာ ငါးနှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

မောင်တောဖြစ်စဉ်ကြောင့်  လက်ရှိနေထိုင်နေသည့် ပုံစံ ပိုမိုဆိုးရွားလာမည်ကို မလိုလားကြောင်း အဆိုပါ ကျေးရွာအတွင်းရှိ လူ လေးငါးဦးကို မေးမြန်းရာတွင် ပြန်လည်ဖြေဆိုခဲ့သည်။

"အခုက အေးအေးဆေးဆေး နေရတယ်။ ဒါပေမယ့် အပြင်မသွားရဘူး။ ဒီလိုမျိုး(မောင်တောဖြစ်စဉ်ကိုဆိုလိုသည်) ဖြစ်လာပြီဆိုရင် ဘယ်ကို ထပ်ရောက်မလဲ မသိဘူး။ ဒီလိုပဲ အေးအေးနေချင်ပြီ" ဟု အမည်မဖော်လိုသည့် အသက် ၅၀ အရွယ် သက္ကေ္တပြင် စခန်းတွင်နေထိုင်သည့်အမျိုးသမီးက ဆိုသည်။

အဆိုပါ သက္ကေပြင်စခန်းတွင် နေထိုင်သူပေါင်း ၆၀၀၀ ကျော် ရှိပြီး သက္ကေပြင်ရွာတွင် နေထိုင်သူ ၁၃၀၀၀ ကျော် ရှိသည်ဟု ယင်းစခန်းရှိ ကော်မတီလူကြီးများ၏ ပြောဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly