ရခိုင်ပြည်နယ်မောင်နီကျေးရွာက မွတ်စ်စလင်မ်များအားလုံး အကြမ်းဖက်မှုကို လက်မခံဟုဆို

ရခိုင်ပြည်နယ်မောင်နီကျေးရွာက မွတ်စ်စလင်မ်များအားလုံး အကြမ်းဖက်မှုကို လက်မခံဟုဆို

 

မောင်တော သြဂုတ်၃၁ ။                       ။ မောင်တောမြို့နယ် မောင်နီကျေးရွာတွင် မွတ်စ်စလင်မ်ဘာသာဝင်များ နေထိုင်ကြပြီး ကျေးရွာမှ ဒေသခံအားလုံးက အကြမ်းဖက်လုပ်ရပ်ကို လက်မခံကြောင်း မောင်နီကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူလ်ရာမန် ကပြောသည်။ မောင်တောမြို့နယ်သို့ ရောက်ရှိနေသော မဇ္ဈိမသတင်းထောက်အပါအဝင် အခြားမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

အဆိုပါအင်တာဗျူးကို ယနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဦးအဒူလ်ရာမန်က မောင်တောမြို့ပေါ်သို့လာရောက်ကာ မီဒီယာများကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

မောင်နီကျေးရွာကိုမူ သတင်းထောက်များသွားရောက်နိုင်ခြင်း မရှိသေးပေ။

သတင်းမီဒီယာများကို အစိုးရ၏အစီအစဉ်ဖြင့် မောင်တောမြို့တွင် သတင်းရယူခွင့် ပေးထားခြင်းဖြစ်ပြီး ယမန်နေ့ကစတင်ပြီး မောင်တောမြို့ပေါ်သို့ ရောက်ရှိလာသည့် ဒုက္ခသည်များနှင့်တွေ့ဆုံခွင့် ရရှိခဲ့သည်။

နယ်မြေအခြေအနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၌ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားပြီးနောက်ပိုင်းတွင် မောင်တောမြို့ပေါ်၌သာ လုံခြုံရေးအခြေအနေ ထိန်းချုပ်ထားနိုင်သေးသည်ဟု မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် က ဆိုသည်။

"မြို့ပေါ်လုံခြုံရေးကတော့ ထိန်းနိုင်ပြီ။ ဒါပေမယ့် လွတ်တဲ့နေရာတွေမှာတော့ မီးနဲ့လိုက်ရှို့တာတော့ရှိတယ်။နေ့ခင်းဘက်မှာတော့ ရပြီ၊ ညဘက်ကျတော့အကန့်အသတ်နည်းနည်းရှိတယ်" ဟု ဦးရဲထွဋ်က ဆိုသည်။

အဆိုပါ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသို့ သတင်းရယူရန်ရောက်ရှိနေစဉ်အတွင်းမှာပင် ရုံးအနောက်ဘက်ရှိ နေအိမ်တစ်လုံးကို ယမန်နေ့ကမီးတုတ်ဖြင့် လာရောက်ပစ်ခတ် မီးရှို့သွားသည်ကို   မောင်တောသို့ရောက်ရှိနေသည့် မဇ္ဈိမသတင်းထောက်က မြင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly